မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ကျေးရွာတချို့ရေနစ်မြုပ်

မင်းပြား၊ ဇူလိုင် ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြားနေတဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

 

မိုးကြီးရေလျှံမှုတွေကြောင့် လေးမြို့မြစ်ရေမြင့်တက်လာတာကြောင့် မင်းပြားမြို့အပါအဝင် ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းအတွင်းက ကျေးရွာတော်တော်များများဟာ ရေနစ်မြုပ်နေတာဖြစ်တယ်လို့ မင်းပြားမြို့က ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

 

“ဒီရက်ပိုင်းအတွင်းမှာ မိုးကြီးပြီးတော့ လေးမြို့မြစ်ရေပြည့်လျှံတဲ့အတွက် ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။ မင်းပြားမြို့ပေါ်မှာလည်း မြုပ်တယ်။ ပြီးတော့ မင်းပြားမြို့နယ် ဖုံသာချောင်းနဲ့ ပန်းမြောင်းကြီးချောင်းတွေမှာလည်း ရွာတော်တော်များများ မြုပ်နေပါတယ်။”လို့ မင်းပြားမြို့က ဦးသိန်းဇံက ပြောပါတယ်။

 

မင်းပြားမြို့ပေါ်မှာ ရပ်ကွက် ၈ ခုရှိပြီး အားလုံးနီးပါးရေနစ်မြုပ်နေကြောင်းနဲ့ ပန်းမြောင်းကြီးချောင်းအတွင်းမှာ ကပ်ပဲ့၊ သာစည်၊ ချောင်းတို၊ ပိန္နဲတောင်၊ မင်းဖူးစသည့် ကျေးရွာပေါင်း ၁၀ ကျော်နဲ့ ဖုံသာချောင်းအတွင်းက ကျေးရွာတွေ နစ်မြုပ်နေတာ ဖြစ်ပါတယ်။

 

“ရေက ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကနေ စတက်လာတာ။ ဒီကနေ့မှာ အကုန်လုံးမြုပ်သွားတယ်။ လေးမြို့ရေပြည့်လာတော့ ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းကရေတွေလည်း မြင့်တက်သွားတယ်။ ရွာတွေမှာလည်း ဘယ်မှသွားလို့မရတဲ့အတွက် စားရေးသောက်ရေးအခက်အခဲတွေ ဖြစ်နေပါတယ်။ ကျနော်တို့ မြို့ပေါ်က စည်း/ထိန်းသံဃာတော်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ အကူအညီပေးဖို့ပြင်ဆင်နေပါတယ်။”လို့ ဦးသိန်းဇံက ပြောပါတယ်။

 

လက်ရှိမှာ အဲ့ဒီမြို့နယ်တွေအတွင်းမှာ အင်တာနက်လိုင်းတွေကို ပိတ်ထားတဲ့အတွက် ကျေးရွာတွေ ရေကြီးနစ်မြုပ်မှုအခြေအနေတွေကို သိရှိဖို့ခက်ခဲနေကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို သွားရောက်ကူညီဖို့အတွက်လည်း အခက်အခဲတချို့ရှိနေတယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် မြောက်ဦးမြို့နယ် မြောက်ပိုင်းဒေသက ရမ်းချောင်းရေမြင့်တက်လာတဲ့အတွက် ကျီရာပြင်ကျေးရွာအပါအဝင် ကျေးရွာတချို့ကို ရေစတင်ဝင်ရောက်နေပြီဖြစ်ပြီး မိုးရွာသွန်းမှုတွေ ရှိနေသေးတာကြောင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

#voiceofmyanmar # မင်းပြား #မြောက်ဦး #ကျေးရွာတချို့ရေနစ်မြုပ် #ရခိုင်

 

Related posts

Leave a Comment

VOM News

FREE
VIEW