တိမ်ညိုကယ်ဆယ်ရေးစခန်း ရေနစ်မြုပ် ဒုက္ခသည်တွေ ပြောင်းရွှေ့နေရ

မြောက်ဦး၊ ဇူလိုင် ၁၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ပြည်နယ်အတွင်းက မြို့တော်တော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

 

အဲ့ဒီမိုးရေတွေ ပြည့်လျှံပြီးတော့ ဇူလိုင် ၁၃ ရက် ဒီကနေ့မှာတော့ မြောက်ဦးမြို့နယ်အတွင်းက တိမ်ညိုကယ်ဆယ်ရေးစခန်းကို ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး စခန်းအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို နီးစပ်ရာနေရာတွေမှာ ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။

 

“ရေက တစ်နေ့ကနေ တက်လာတယ်။ ဒီနေ့မှာတော့ လုံးဝနေလို့ မရတဲ့အနေအထားထိကို ဖြစ်သွားတယ်။ အနိမ့်ပိုင်းနေရာတွေမှာရှိတဲ့ အိမ်တွေရဲ့ကြမ်းခင်းတွေပါ မြုပ်နေပါတယ်။ ဒါကြောင့် လူတွေကို နီးစပ်ရာ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ထားရတယ်။ တချို့သန်သန်မာမာလူတွေကတော့ စခန်းမှာပဲဖြစ်သလို နေကြရတယ်။ နေမယ့်နေရာလည်း မရှိဘူး ဖြစ်နေတယ်။”လို့ တိမ်ညိုကယ်ဆယ်ရေးခစန်းကော်မတီ ဥက္ကဌ ဦးဝေလှအောင်က ပြောပါတယ်။

 

တိမ်ညိုကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စုပေါင်း ၇၂၁ စု၊ လူဦးရေပေါင်း ၂၉၈၄ ဦး နေထိုင်နေကြတာဖြစ်ပြီး စခန်းတစ်ခုလုံး ရေနစ်မြုပ်နေတဲ့အတွက် ယာယီပြောင်းရွှေ့ပေးထားပေမယ့် နေရေးထိုင်ရေး၊ ချက်ပြုတ်ရေးအပြင် အစစအရာရာ အခက်အခဲဖြစ်နေတယ်လို့ ဦးဝေလှအောင်က ပြောပါတယ်။

 

“ဒါနဲ့ပတ်သက်လို့တော့ မြို့နယ်ကိုတင်ပြထားပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ လာကြည့်တာတို့၊ အကူအညီပေးတာတို့ မရှိသေးဘူး။ ဒီလူတွေနေထိုင်ဖို့အတွက် အိမ်သာပြဿနာ ရှိပါတယ်။ ကျန်းမာရေးကိစ္စတွေက တော်တော်လေးကို အရေးကြီးနေပါတယ်။”လို့ ဦးဝေလှအောင်က ဆက်လက် ပြောဆိုပါတယ်။

 

အဲဒီလို စခန်းရေမြုပ်လာခဲ့တဲ့အတွက် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေကို နေရာပြောင်းရွှေ့နေရတာကြောင့် စခန်းမှာသိုလှောင်ထားတဲ့ ရိက္ခာပစ္စည်းတချို့ဟာလည်း ရေနစ်မြုပ်ကုန်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးရေနစ်မြုပ်မှုတွေ တာရှည်ဖြစ်ပွားပါက စားရေး၊သောက်ရေးအတွက်ပါ အခက်အခဲနဲ့ ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။

 

#voiceofmyanmar #တိမ်ညိုကယ်ဆယ်ရေးစခန်း #ရေနစ်မြုပ် #ဒုက္ခသည်တွေပြောင်းရွှေ့နေရ #ရခိုင် #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW