မန္တလေးအိုးဘိုထောင်ကနေ ၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြု

မန္တလေး၊ ဇူလိုင် ၁၃ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)ကနေ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်သူ ၄၂ ဦးရှိပြီး ဒီနေ့ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းမှာတော့ အဲဒီကျောင်းသားတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။

 

ဂုဏ်ပြုပွဲ အခမ်းအနားကို မန္တလေးအိုးဘိုထောင် အပြင်ဖက်က ဓမ္မာရုံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ကျောင်းသား၊ ကျောင်းသူတွေထဲမှာ  ၂ ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင်  ၁၁ ဦးနဲ့ ရိုးရိုးအောင် ၂၈ ဦး ပါဝင်ပါတယ်။

 

ဂုဏ်ထူးရရှိသူတွေအတွက် တစ်ဦးကို ဂုဏ်ပြုငွေ တစ်သိန်းကျပ်နှုန်း ချီးမြှင့်ခဲ့ပြီး ရိုးရိုးအောင်မြင်သူတွေကို တစ်ဦးငါးသောင်းနှုန်း ချီးမြှင့်ခဲ့တဲ့အပြင် အကျဉ်းကျ ဆရာ၊ ဆရာမ   ၂၃ ဦး၊ ပြင်ပအထက်တန်းကျောင်းတွေကနေ လာရောက်သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ ၁၁ ဦးနဲ့ ပညာဒါန ဆရာ၊ ဆရာမ ၁၄ ဦး အတွက်ကလည်း တစ်ဦး တစ်သိန်းကျပ်နှုန်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 

 

နှစ်ဘာသာ ဂုဏ်ထူးရှင် မောင်ရဲသူအောင်ကတော့  “အခုလို ကျနော်တို့ကို တက္ကသိုလ်ဝင်တန်းအောင်ဖို့အတွက် အဖက်ဖက်ကနေ ကူညီပေးခဲ့တဲ့ မန္တလေး အိုးဘို ထောင်မှ တာဝန်ခံ အရာရှိများနဲ့ ဆရာ၊ဆရာမများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော်က မူးယစ်ဆေးဝါးသုံးစွဲမိလို့ အခုလို ဖြစ်ခဲ့ရတာပါ။ ကျနော်တို့အနေနဲ့လည်း ကျနော်တို့ရဲ့ အနာဂတ်တွေ လှပဖို့အတွက် ပြန်လည်ကြိုးစားသွားမှာပါ။”လို့  ဆိုပါတယ်။

 

ဒီနှစ် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၇၁ ဦးရှိခဲ့ပြီး ၄၂ ဦး အောင်မြင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့်  ( ၅၉.၁၅ ) ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ ၅၅  ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  ၂၇ ဦးအောင်မြင်ခဲ့တဲ့အထဲမှာ သုံးဘာသာဂုဏ်ထူးရှင် ၄ ဦးပါဝင်ခဲ့ပါတယ်။

 

 

#voiceofmyanmar #မန္တလေး #အိုးဘိုထောင် #၂၀၁၉ #တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေကိုဂုဏ်ပြု

 

Related posts

Leave a Comment

VOM News

FREE
VIEW