စရဖတပ်ကြပ်လုပ်ကြံခံရမှုမှာ သံသယနဲ့ဖမ်းဆီးခံနေရသူတွေထဲက သုံးဦးကို တရားရုံးက လွှတ်ပေး

စစ်တွေ၊ ဇူလိုင် ၁၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်ညက ဝင်္ကဘာကွင်းဈေးဆောင်ပွဲတော်မှာ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့)ဝင် တပ်ကြပ် ဖိုးလုံး(ခ) ဝင်းထိုက်ဟာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လူငယ်လေးဦးဖြစ်တဲ့ ကိုအောင်ချေ၊ ကိုခိုင်ဘိုဘို၊ ကိုမေယုထွန်းနဲ့ ကိုရဲဇော်တို့ကို ရဲတပ်ဖွဲ့က သံသယရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

သူတို့လေးဦးထဲက ကိုအောင်ချေ၊ ကိုခိုင်ဘိုဘိုနဲ့ ကိုမေယုထွန်းတို့ဟာ စစ်တွေအကျဉ်းထောင်မှာ ၆ လကျော်အကြာ ချုပ်နှောင်ခံကာ တရားရင်ဆိုင်နေရရာကနေ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ အမှုနဲ့မသက်ဆိုင်တဲ့အတွက် စစ်တွေခရိုင်တရားရုံးက ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

“သူတို့ကိုစွပ်စွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ လိုပြသက်သေ ၃၂ ယောက်ထဲက ၁၇ ယောက်ကို စစ်ဆေးပြီးတဲ့အခါမှာ သူတို့ဟာ ပြစ်မှုနဲ့မငြိစွန်းဘူးဆိုတဲ့ အနေအထားတွေကို တွေ့ရှိရတာမို့လို့ စွဲချက်မတင်ဘဲ လွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။”လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

 

ဒါ့အပြင် တပ်ကြပ်ဖိုးလုံးအသတ်ခံရတာနဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံရပြီး အချိန်အကြာကြီးအမှုရင်ဆိုင် နေခဲ့ရတာကြောင့် သူတို့အနေနဲ့ ပညာရေး၊ စီးပွားရေးတွေ ထိခိုက်မှုရှိခဲ့ရသလို ဂုဏ်သိက္ခာတွေကိုပါ ထိခိုက်ခဲ့ရတာကြောင့် ဒီလိုမျိုးလုပ်ရပ်တွေအပေါ်မှာ လက်မခံနိုင်ဘူးလို့ ပြန်လည်လွတ်မြောက်လာခဲ့သူတွေက ပြောပါတယ်။

 

“ကျနော်တို့သုံးယောက် ပြန်လွတ်လာတဲ့အတွက် ဝမ်းသာတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ထောင်ထဲမှာ အချိန် ၆ လကျော်နေခဲ့ရတယ်ဆိုတာ နည်းတာမဟုတ်ဘူး။ နစ်နာသူတွေဘက်က ကြည့်မယ်ဆိုရင် ဒါဟာ ကျနော်တို့မှာ နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်ပိုင်ခွင့်တွေ၊ အချိန်တွေ၊ စီးပွားရေးတွေ၊ ဂုဏ်သိက္ခာတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြောချင်တာက လူတစ်ယောက်ကို ဖမ်းဆီးတော့မယ်ဆိုရင် သေချာလေ့လာပြီးတော့မှ အထောက်အထားခိုင်ခိုင်လုံလုံရရှိပြီးမှ ဖမ်းဆီးသင့်တယ်လို့ ပြောချင်ပါတယ်။”လို့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကိုမေယုထွန်းက ပြောပါတယ်။

 

ဖမ်းဆီးခံနေရသူ သံသယတရားခံ ၄ ဦးမှာ မနေ့က သုံးဦးကိုပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး ကိုရဲဇော်ကတော့ အဲ့ဒီအမှုကို ကျူးလွန်ခြင်းမရှိဘူးလို့ ထုချေဖြေရှင်းဖို့အကြောင်းပေါ်ပေါက်တယ်ဆိုပြီး သုံးသပ်တဲ့အတွက်ကြောင့် ကိုရဲဇော်ကို အမှုစွဲတင်လိုက်တာဖြစ်တယ်လို့ ရှေ့နေဒေါ်အေးနုစိန်က ပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar #စရဖတပ်ကြပ်လုပ်ကြံခံရမှု #သံသယနဲ့ဖမ်းဆီးခံနေရသူတွေထဲကသုံးဦးကိုလွှတ်ပေး # ရခိုင် #စစ်တွေ #ဝင်္ကဘာကွင်းဈေးဆောင်ပွဲတော်

 

Related posts

Leave a Comment

VOM News

FREE
VIEW