ကျောင်းကြိုစက်လှေမှောက်လို့ ရေထဲမျောပါသေဆုံးသွားတဲ့ ကျောင်းသူ လေးဦးထဲက နောက်ဆုံးတစ်ဦးကို ပြန်တွေ့

မင်းတုန်း၊ ဇူလိုင် ၁၉-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပြီးခဲ့တဲ့ တစ်ပတ်က မင်းတုန်းမြို့နယ်မှာ ကျောင်းကြိုကူးတို့စက်လှေတစ်စီး တိမ်းမှောက်လို့ ကျောင်းသူလေးဦး ရေနောက် မျောပါသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး ရုပ်အလောင်းတွေ ပျောက်ဆုံးခဲ့ပါတယ်။

 

အဲဒီထဲက နောက်ဆုံးတစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇူလိုင် ၁၉ ရက် နေ့လည်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“ပြန်တွေ့ပါပြီ။ ပန်းတုန်းကျေးရွာနားက ရေစပ်ကျူတောထဲမှာ ဒိုက်တွေ လူတစ်ဝက်လောက် ဖုန်းလျှက်ပြန်တွေ့တာပါ။”လို့ ကူညီရှာဖွေခဲ့တဲ့ ပရဟိတအဖွဲ့ဝင် ဦးမြင့်အောင်က အတည်ပြု ပြောဆိုပါတယ်။

 

စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသွားသူတွေကတော့ ပေါက်ကိုင်း(လယ်) ကျေးရွာက အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူတွေဖြစ်တဲ့ မဂျူးဂျူးဟန်နဲ့ မချစ်စုဝေ၊ ပေါက်ကိုင်း(အရှေ့) ကျေးရွာက ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသူ မသက်မွန်ဂျူလိုင်၊ ပေါက်ကိုင်း(အနောက်)ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူ မဇွန်ပွင့်ဖြူတို့ ဖြစ်ပြီး ဒီနေ့နောက်ဆုံး ပြန်တွေ့တာကတော့ မချစ်စုဝေရဲ့ ရုပ်အလောင်းဖြစ်ပါတယ်။

 

“ဒီဖြစ်စဉ်မျိုး မင်းတုန်းသမိုင်းမှာ မဖြစ်ခဲ့ဖူးဘူးလို့ ပြောရမယ်။ အသက် ၇၅ နှစ်ရှိပြီ မကြားခဲ့ဘူး။ မထုံးချောင်းဘေး နေတဲ့သူတွေ ရေနစ်ခဲတယ်။ ရေကျွမ်းကြတယ်လေ။ မူးလို့၊ ရူးလို့ ရေနစ်သေတာပဲရှိတယ်။”လို့ ချောင်းဘေးကျေးရွာ နေထိုင်သူ ဦးမောင်ဖြူက ပြောပါတယ်။

 

ဓါတ်ပုံ – မင်းတုန်း ပရဟိတအဖွဲ့

 

အဲဒီဖြစ်စဉ်ဟာ ဇူလိုင် ၁၂ ရက် နေ့လည်က မင်းတုန်းမြို့ အထက်တန်းကျောင်းကနေ တဖက်ကမ်းမှာရှိတဲ့ ပေါက်ကိုင်းရွာကို အပြန် လူ ၁၈ ဦးနဲ့ ဆိုင်ကယ်တစ်စီး တင်ဆောင်ထားတဲ့ စက်လှေ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ကျောင်းကြိုစက်လှေမှောက် #ရေထဲမျောပါသေဆုံး #ကျောင်းသူလေးဦး #နောက်ဆုံးတစ်ဦးကို ပြန်တွေ့ #မင်းတုန်း

Related posts

Leave a Comment

VOM News

FREE
VIEW