NLD ပါတီမှာ ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ကြား ပွတ်တိုက်မှုတွေရှိနေ

နေပြည်တော်၊ ဇူလိုင် ၂၁- ၂၀၁၉

ကိုထွန်း (VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ(NLD)မှာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ရယ်ဆိုပြီး သုံးဖွဲ့ကွဲသွားပြီးနောက် ပွတ်တိုက်မှုတွေ ကြုံလာရတယ်လို့ ဒီနေ့ ဇူလိုင် ၂၁ ရက်က ပျဉ်းမနားမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနယ်မြေ NLD တွေ့ဆုံပွဲမှာ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

 

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတော့ NLD မှာပါတီဝင်ဆိုပြီးတော့ပဲ ရှိရာကနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတစ်ဆင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီးမှာတော့ ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဆိုပြီး ပါတီက တာဝန်ပေးမှု၊ ပြည်သူထောက်ခံမှုကြောင့် အပိုင်းသုံးပိုင်း ကွဲသွားရာကနေ နောက်ပိုင်းမှာ ပွတ်တိုက်မှုတွေ ရှိလာပါတယ်။

 

“အပိုင်းသုံးပိုင်းလည်းကွဲရော ကျနော်တို့ထဲမှာ ပွတ်တိုက်မှုတွေ စလာပါတော့တယ်။ ခရောင်းတောကြီးကိုတောင် ဖြတ်ခဲ့ပြီးပါပြီ၊ ဘာမှမဖြစ်ခဲ့ဘူး။ အခုလို ရောင်နီကာလ ကြိုးစား၊ ပမ်းစားလုပ်နေရမယ့်အချိန်မှာ ပွတ်တိုက်မှုတွေ ကြုံလာတယ်။” လို့ ဆိုပါတယ်။

 

ဒီမိုကရေစီစနစ်ကိုသွားနေတဲ့ ပါတီတစ်ခုမှာ ဒီအပိုင်းသုံးခုရှိကိုရှိသင့်ပေမယ့် ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီနဲ့ အစိုးရအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေရှိလာတာတွေကို မလိုလားတာပါ။

 

အကယ်လို့ ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဝင်တွေ တွေ့ဆုံမှု များများလုပ်ပေးနိုင်ရင် ဒီလိုပွတ်တိုက်မှုတွေ၊ အခက်အခဲတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

 

“အချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ညီညွတ်မှုတစ်ခု ပြန်တည်ဆောက်ရပါတော့မယ်။ အဲဒီညီညွတ်မှုက ရှေ့ဆက်ရမယ့် ခရီးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် အစိုးရ၊ လွှတ်တော်၊ ပါတီတွေ့ဆုံပွဲတွေ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအသံတွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ နားထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ကြမလဲဆိုတာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

 

ဒါတွေဟာ မရှိသင့်၊ မရှိထိုက်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရမယ့်အချိန်ဖြစ်ပေမယ့် ဒီစနစ်ကို အခုထိမကျင့်သုံးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

 

မန္တလေးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကတော့ ပါတီအနေနဲ့ လက်ရှိရထားတဲ့ အောင်မြင်မှုကို ထိန်းသိမ်းဖို့အတွက်ကို “ချန်ပီယံဖြစ်ဖို့ ကြိုးစားတာထက် ချန်ပီယံကာကွယ်ဖို့က ပိုအရေးကြီးပါတယ်။”လို့ ဆိုပါတယ်။

 

NLD ပါတီဟာ ဆင်းရဲမှုဒဏ် ဖိနှိပ်မှုဒဏ်ခံရပြီးတော့ နှစ်သုံးဆယ်လောက်ကြိုးစားရုန်းကန်ခဲ့ရတာကို အမြဲတမ်းသတိရ၊ သင်ခန်းစာတွေယူပြီးတော့ နောင်အနာဂါတ်မှာ ဒီမိုကရေစီ ရှင်သန်ခိုင်မာအောင် စည်းစည်းလုံးလုံးကြိုးစားကြဖို့ကိုလည်း ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းခဲ့ပါတယ်။

 

လက်ရှိ ပါတီထဲမှာတော့ ပါတီရှင်သန်အောင်ဇောက်ချလုပ်နေသူ၊ မျှော်လင့်ချက်တွေနဲ့ဝင်လာသူ၊ ဒီမိုကရေစီကို ယုံကြည်လို့ဝင်လာသူ၊ ပါတီကိုယုံကြည်လို့ ဝင်လာသူတွေရှိသလို ပါတီစကားနားမထောင်တော့ဘဲ လုပ်ချင်ရာလုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊  အောက်ခြေလွတ်သွားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်းရှိလာတယ်လို့ ဆိုပါတယ်။

 

 

#voiceofmyanmar #NLD ပွတ်တိုက်မှုတွေရှိနေ #ဒေါက်တာဇော်မြင့်မောင် #နေပြည်တော် #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW