တပ်ဘက်ကပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိ

မြောက်ဦး၊ ဇူလိုင် ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ စစ်တပ်ဘက်က သေနတ်ပစ်ခတ်မှုကြောင့် ချောင်းထဲသွားလာနေတဲ့ လှေပေါ်က လူငယ်တစ်ဦးကို ကျည်မှန်ဒဏ်ရာရရှိခဲ့တယ်လို့ တိမ်ညိုကျေးရွာသားတွေက ပြောပါတယ်။

 

အဲ့ဒီပစ်ခတ်မှုဟာ တိမ်ညိုကျေးရွာအတွင်းရှိ အရင်စပါးအဝယ် (အခုထောက်ပို့)ဒိုင်ကွင်းမှာ စခန်းချနေတဲ့ တပ်မတော်တပ်စခန်းက မနက်ပိုင်းမှာ သေနတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီလူငယ်ရဲ့ဦးခေါင်းကို ကျည်ထိမှန်ခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

 

“မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရွာထဲက ဒိုင်ကွင်းမှာရှိနေတဲ့ စစ်တပ်က သေနတ်တွေပစ်တယ်။ ဘာကြောင့်ပစ်လဲ ကျနော်တို့လည်း မသိဘူး။ အဲ့ဒီမှာ ချောင်းထဲက လှေမှာပါလာတဲ့ ကလေးရဲ့ဦးခေါင်းကို ထိသွားခဲ့တာပါ။ အခုအဲ့ဒီကလေးကို မြောက်ဦးဆေးရုံကို ပို့နေပါတယ်။”လို့ တိမ်ညိုကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

သေနတ်ကျည်ထိမှန်ဒဏ်ရာဟာ လူငယ်ရဲ့ဦးခေါင်းနားထင်ကို ကျည်ဖောက်ဝင်နေတဲ့အတွက် အခြေအနေမှာ ပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ သိရပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူ့အနေနဲ့ မြောက်ဦးဘက်မှာ ဖြစ်ပွားနေတာတွေကို မသိရရှိရသေးကြောင်း ပြောပါတယ်။

 

“မနက်ပိုင်းကတော့ ဝေသာလီနားမှာလည်း တိုက်ပွဲတွေဖြစ်ကြတယ်လို့တော့ ကြားတယ်ဗျ။ နောက်ပြီးတော့ အဲ့ဒီဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ သတင်းရတယ်။ အဲ့ဒါကြောင့်များ ရွာထဲကနေပြီးတော့ ပစ်တာလားတော့မသိဘူး။”လို့ တိမ်ညိုရွာသားတစ်ဦးက ပြောပါတယ်။

 

အဲ့ဒီဒဏ်ရာရရှိခဲ့တဲ့ လူငယ်ဟာ မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာက အသက် ၂၂ နှစ်အရွယ် မောင်ဘိုသန်းထွန်း (ခ) မောင်ကြီးဖြစ်ပြီး သူဟာ တောင်မြင့်ရွာကနေ ကျီးဖြူချောင်းရွာကို မိသားစုနဲ့အတူ လှေနဲ့လာခဲ့ကြတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

 

#voiceofmyanmar #တပ်မတော် #ပစ်ခတ်မှုကြောင့်လူငယ်တစ်ဦးဦးခေါင်းကျည်ထိ #ရခိုင် #မြောက်ဦး #တိမ်ညို

Related posts

Leave a Comment

VOM News

FREE
VIEW