ငဝန်မြစ်ရေကို သန့်စင်ပြီး သောက်သုံးရေအဖြစ် ဖြန့်ဝေဖို့ စီမံကိန်းစတင်

ပုသိမ်၊ ဇူလိုင် ၂၅ – ၂၀၁၉

ကိုအောင် (VOM)

 

ပုသိမ်မြို့ ငဝန်မြစ်ရေကို သန့်စင်ပီး သောက်သုံးရေအဖြစ်နဲ့ မြို့နေပြည်သူတစ်သိန်းခွဲကျော်ကို ပြန်လည်ဖြန့်ဝေမယ့်စီမံကိန်း စတင်နေပြီလို့  ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

 

ဒီစီမံကိန်းဟာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA)ရဲ့ချေးငွေ  ၁၇ ဒသမ ၁၄၂ ကျပ် ဘီလီယံနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ပုသိမ်ကြိုးတံတားအနီးက မရမ်းချောင်း ကျေးရွာမှာ  ရေသန့်စင်စက်ရုံကို စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။

 

ပုသိမ်မြို့မှာ မြေအောက်ရေ သုံးစွဲနေတာကြောင့် မြေနိမ့်ကျမှုတွေမဖြစ်စေဖို့၊ မြို့နေပြည်သူတွေ သန့်ရှင်းတဲ့ရေ သောက်သုံးနိုင်စေဖို့၊ မြို့တော်အင်္ဂါရပ်နဲ့အညီနေနိုင်ဖို့ ရည်ရွယ်တယ်လို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောပါတယ်။

 

“လူတစ်ဦးကို တစ်နေ့ ၂၀ ဂါလံနှုန်းပေါ့။ အိမ်တိုင်ရာရောက် ပိုက်သွယ်ပြီး သန့်စင်တဲ့သောက်သုံးရေ  ဖြန့်ဝေပေးမှာပါ။ လစဉ် ကုန်ကျစရိတ်ကိုတော့ မီတာနဲ့ တွက်ချက်ပေးဆောင်ရမှာပါ။”လို့ သူက ပြောပါတယ်။

 

လက်ရှိ ချေးငွေအရ ရေဖြန့်ဖြူးရာမှာတော့ ရပ်ကွက် ၁၅ ခုရှိတဲ့အထဲက မြို့ပေါ်ရပ်ကွက် ၉ ခုကိုသာ အိမ်တိုင်ရာယောက် စတင်ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း တိုင်းဒေသကြီးအစိုးရရဲ့ အထောက်အပံ့နဲ့ ပြည်ထောင်စုအစိုးရရဲ့ အထောက်အပံ့တွေ တောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြစ်ရေသန့်စင်စက်ရုံနဲ့ ရေဖြန့်ဖြူးမှု စီမံကိန်းကို စတင်နေပြီး တစ်နှစ်ခွဲကာလအတွင်း အပြီးဆောင်ရွက်မယ်လို့ သိရပါတယ်။

 

ဂျပန်နိုင်ငံရဲ့ JACA ထောက်ပံ့ ချေးငွေမှာ နှစ်ရှည်ချေးငွေ အမျိုးအစားဖြစ်ပြီး ပထမအရစ် ၁၀ နှစ်မှာတော့ ငွေရင်းကိုသာ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအရစ်ကတော့ နှစ် ၃၀ အတွင်း အရင်းအတိုးပေးဆပ်ရမှာလို့  သိရပါတယ်။

 

 

#voiceofmyanmar #ငဝန်မြစ်ရေ #ပုသိမ် #JACA

Related posts

Leave a Comment

VOM News

FREE
VIEW