ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပါ ၁၅ ဦးထက်မနည်းသေဆုံး

ဖားကန့်၊ ဇူလိုင် – ၂၈ – ၂၀၁၉

ဇော်မိုးထက် (ဖားကန့်)

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုမှာ အမြင့်ပေငါးရာကျော်ရှိတဲ့ စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး (ဒေသအခေါ် စိန်လုံတောင်ကြော)ဟာ ဇူလိုင် ၂၈ ရက် မနက် နှစ်နာရီခွဲလောက်က ပြိုကျခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အနီးအနားမှာရှိတဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံက သိရပါတယ်။

 

“မိုးကဒီမှာ တစ်ပတ်ကျော်လောက်ရှိပြီ ရွာနေတာဆိုတော့ အမြင့်ပေငါးရာကျော်လောက်ကနေ မြေကအက်ပြီးတော့ ရုတ်တရက်ကြီးပြိုကျလာတာ။ အဲ့နားမှာက ရေလှောင်ကန်လည်းရှိတယ်။ အဲလှောင်ကန်ဘေးမှာ လုပ်ကွက်စောင့်တဲ့၊ ခုချိန်က လုပ်ကွက်နားတာဆိုတော့ အစောင့်တွေထားထားတဲ့နေရာပေါ့။ အဲနားကို ရေအိုင်က ပတ်လိုက်တာဆိုတော့ အရှိန်နဲ့ဆိုတော့ ဆွဲချသွားသလိုဖြစ်တာပါ။” လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

 

ဆိပ်မူအုပ်စု ကောင်စံကျေးရွာ၊ ကရင်ချောင်းကျေးရွာ ၊ချောင်းဖျားကျေးရွာတွေ အနီးမှာရှိတဲ့ အဲဒီကမ်းပါးပြိုကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီဝန်ထမ်းတွေနဲ့ လုပ်ကွက် လုံခြုံရေးစောင့်ကြပ်တဲ့ ယာယီရဲကင်းတစ်ခုလည်း မြေပြိုတဲ့အထဲပါသွားခဲ့တယ်လို့ လုံခြုံရေးရဲတပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီကမ်းပါးပြိုကျမှုကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦးနဲ့ ကုမ္မဏီဝန်ထမ်း ၁၅ ဦးပါသွားပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးကတော့ အသက်ရှင်လျှက် ပြန်လွတ်လာတယ်လို့ စိန်လုံတောင်ကြောအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ က ရဲမှူးက ပြောပါတယ်။

 

“လောလောဆယ် အလောင်းတွေဖော်ပြီး ဆေးရုံကို ပို့နေတယ်။ ကျန်တဲ့အလောင်းတွေဆက်ဖော်နေတယ်။လက်ရှိ အချိန်အထိတော့ ၁၁ လောင်းတွေ့ပြီ။” လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

 

ဖားကန့်ကျောက်စိမ်းတွင်းဒေသ မြေကမ်းပါးပြိုကျမှု၊ မြေစာပုံပြိုကျမှု၊ နွံကန်ပေါက်ကျမှုဖြစ်စဉ်တွေထဲ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုဆိုတာ မရှိခဲ့ဖူးဘဲ အခုဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦး ပျောက်ဆုံးနေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာဟာ ပထမဆုံးဖြစ်တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

 

အဲဒီနေရာမှာ တပိုင်တနိုင် လက်ကျင်းတူးသူတွေလည်း ရှိတဲ့အတွက် ခန့်မှန်းသိရှိထားတဲ့ စာရင်းထက် သေဆုံးနိုင်တယ်လို့လည်း ပြောဆိုနေကြပေမယ့် လောလောဆယ် အတည်ပြုချက်တွေ  မရနိုင်သေးဘူးလို့  ဒေသခံတွေက ပြောဆိုနေကြပါတယ်။

 

” အဲ့နားမှာ လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော်။ အနည်းဆုံးတော့ ၁၅ ယောက်၊ အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော်။ ” လို့ ဟင်းတင့်ရွာသားတစ်ဦးကလည်း သူ့ရဲ့ထင်မြင်ယူဆချက်ကို ပြောဆိုပါတယ်။

 

မိုးရာသီမှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ဖို့ ရည်ရွယ်ပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တစ်ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ (မိုးတွင်းကာလ သုံးလ)ကို တရားဝင် ရပ်နားထားဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (မကလ)က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

 

ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသကို ဇူလိုင် ၂၆ ရက်ကတည်းက ရောက်ရှိနေခဲ့တဲ့ ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်ခဲ့ပေမယ့်  ဆက်သွယ်မရခဲ့ပါဘူး။

 

#voiceofmyanmar #ကမ်းပါးပြိုကျ #၁၅ ဦးထက်မနည်းသေဆုံး #ကချင် #ဖားကန့် #ဆိမ်မူ

Related posts

Leave a Comment

VOM News

FREE
VIEW