အစိုးရပိုင် မြေဧက လေးထောင်ကျော်ထုတ်ရောင်းပြီး မြေယာလျော်ကြေးပေးမယ်

ရန်ကုန်၊ သြဂုတ် ၄ – ၂၀၁၉

သိဂီ င်္(VOM)

 

ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးနိုင်ဖို့ အစိုးရပိုင်မြေဧက လေးထောင်ကျော်ကို ထုတ်ပြီးရောင်းချသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

 

“ဒီလ သြဂုတ်မှာစရောင်းမှာ ဖြစ်တယ်။ ဘီလျံ ၁၆၀ ကျော်အောင် ဝယ်ယူမယ့်သူ ရှိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဘာကြောင့်ဆို ဝယ်ချင်တယ်ဆိုပြီး စာရင်ပို့တဲ့ ပမာဏက များပါတယ်။  ရောင်းချတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ သတင်းစာတွေမှာ ကြေငြာပြီးရောင်းပေးမှာ ဖြစ်တယ်။” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

မနေ့ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့တဲ့  ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ မြေယာလျော်ကြေးပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

 

ရန်ကုန်တိုင်းအတွင်းမှာ လျော်ကြေးပေးရမယ့်မြေယာပေါင်း ၂၄၀၀၂့၇၉၁ ဧကအထိ ရှိနေပြီး လျော်ကြေးပမာဏဟာ ဘီလျံ ၂၀၀ ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့က ဘီလျံ ၃၀ လောက်သာ လျော်ကြေးပေးနိုင်တာဖြစ်တဲ့အတွက်  အစိုးရပိုင် မြေကွက်တွေကို ထုတ်ရောင်းဖို့ စီစဉ်တာလို့ သိရပါတယ်။

 

” မြေဈေးကစားတာတွေ မဖြစ်စေနိုင်တဲ့ နည်းလမ်းရှာနေတယ်။ ရပြီဆိုတာနဲ့ ချက်ချင်းတည်ဆောက်ရေး လုပ်ရပါမယ်။ မလုပ်ရင် နောက်လူထပ်ရောင်းမယ်၊ သူ့ငွေပြန်အမ်းမယ်။ မြေကွက်ကိုင်ထားလို့မရဘူး။ ပြန်ရောင်းစားမယ့်သူတွေ အကျိုးမြတ်ရမှာပဲဆိုပြီး ဝယ်တဲ့သူတွေကိုတော့ မြေကွက်လုံးဝမရောင်းပါဘူး။”လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

 

ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာနဲ့ ဒဂုံလေးမြို့နယ်မှာရှိတဲ့ အစိုးရပိုင် မြေကွက်တွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မြေကွက်တွေကို အကွက်ချ ပြင်ဆင်နေပြီဖြစ်ပြီး ရောင်းချမယ့် အနိမ့်ဆုံးဈေးနှုန်းနဲ့ အသေးစိတ် အစီအစဉ်ကို ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

 

မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုက စစ်ဆေးခိုင်းတဲ့ မြေသိမ်းဆည်းခံရမှု အမှုတွဲအားလုံးကိုလည်း စစ်ဆေးပြီးစီးပြီဖြစ်တာကြောင့် လျော်ကြေးပေးရေး အစီအစဉ်ကို လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေကွက် ၉၀၀ ကျော်ကိုလည်း ပြန်လည်ပေးအပ်သွားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

#voiceofmyanmar #ရန်ကုန် #မြေယာ #လျော်ကြေး

Related posts

Leave a Comment

VOM News

FREE
VIEW