ဂွမြို့နယ်မှာ စက်လှေနစ်မြုပ် နှစ်ဦးပျောက်ဆုံးနေ

ဂွ၊ သြဂုတ် ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ တောင်ပိုင်းအစွန်ဆုံး ဧရာဝတီတိုင်းနဲ့ ဆက်စပ်တည်ရှိနေတဲ့ ဂွမြို့နယ်မှာ သြဂုတ် ၄ ရက်က စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

 

အဲ့ဒီစက်လှေဟာ ချောင်းသာကြီးကျေးရွာကနေ ဂွမြို့ပေါ်ကို လာရာလမ်းမှာ ရာသီဥတုဆိုးရွာပြီး ပင်လယ်လှိုင်းတွေ ပြင်းထန်တဲ့အတွက်ကြာင့် အုန်းပင်ချောင်းဝ ရေလယ်ဝဲမှာ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

 

“အဲ့ဒီစက်လှေမှာ လူသုံးယောက်ပါလာတယ်။ ဇော်နိုင်ဦးဆိုတဲ့ တစ်ယောက်ကတော့ ကမ်းကို ကူးနိုင်တဲ့အတွက် အသက်ရှင်ခဲ့တယ်။ ကျန်နှစ်ယောက်ကတော့ ရှာမတွေ့သေးဘူး။”လို့ ရှာဖွေရေးဆောင်ရွက်နေတဲ့ ဂွမြို့မရဲစခန်းက ပြောပါတယ်။

 

အဲဒီစက်လှေဟာ ဂွမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ချောင်းသာကြီးကျေးရွာကိုသွားပြီးတော့ ကွမ်းညွှန့်တွေခူးပြီး ပြန်လာခဲ့ကြတာဖြစ်ပြီး စက်လှေပေါ်မှာ ချောင်းသာကြီးကျေးရွာအုပ်စု ကျောက်တန်းကျေးရွာက ဦးလှမြင့်၊ မောင်အေးမင်းထွန်းနဲ့ ဂွမြို့ပေါ် ရွာမရပ်ကွက်က ကိုဇော်နိုင်ဦးတို့ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

 

“စက်လှေမှောက်တာမှာ ပျောက်နေတဲ့လူနှစ်ဦးကိုတော့ လောလောဆယ်ရှာလို့မတွေ့သေးဘူး။ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ လှိုင်းတွေကကြီးနေတော့ ရှာဖွေရေးလုပ်ရတာလည်း အခက်အခဲတွေရှိနေပါတယ်။”လို့ ဂွမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး မိုးတွင်းကာလဆိုရင် စက်လှေနစ်မြုပ်မှုတွေ နှစ်စဉ်ကြုံတွေ့နေကြရတာဖြစ်ပြီး အခုနှစ်မှာတော့ ပြီးခဲ့တဲ့လတွေက ပေါက်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာလည်း စက်လှေတိမ်းမှောက်မှုတွေဖြစ်ခဲ့ပြီး လူ ၆ ဦးအထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

 

ဓါတ်ပုံ – Arakan Fire Force

#voiceofmyanmar #ရခိုင် #စက်လှေမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW