တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး နုတ်ထွက်

ရသေ့တောင်၊ သြဂုတ် ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ မနေ့ သြဂုတ် ၅ ရက်က သူ့ရဲ့မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ကနေ နုတ်ထွက်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ဦးဝင်းအောင်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် နုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုက ပြောပါတယ်။

 

“မြို့နယ်အုပ်ချုပ်ရေးမှူးက နုတ်ထွက်ခွင့်တင်ထားတာ ကြာပါပြီ။ အခုနုတ်ထွက်ခွင့်ရတဲ့အတွက် နုတ်ထွက်သွားတာပါ။ တခြားကိစ္စတွေတော့မရှိဘူး။ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ထွက်တာပါ။”လို့ ဦးမောင်မောင်ချိုက ပြောပါတယ်။

 

လက်ရှိမှာတော့ ရသေ့တောင်မြို့နယ်ဟာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြားမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး လုံခြုံရေးအရ နုတ်ထွက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

 

“သူက ကိုယ်ရေးကိုယ်တာနဲ့ ထွက်တယ်လို့တော့ပြောတာပေါ့။ ဒါပေမယ့် ကျနော်တို့ထင်တာက တိုက်ပွဲဖြစ်ပွားနေတဲ့ ကိစ္စတွေကြောင့် တခြားအကြောင်းအရာတွေရှိနိုင်တယ်လို့တော့ ထင်တာပေါ့။ နောက်ပြီးတော့ သူကလည်း တပ်ကပြောင်းလာတဲ့ အရာရှိဟောင်းတစ်ယောက်ဆိုတော့ လုံခြုံရေးအရ ထွက်တာလည်းဖြစ်နိုင်ပါတယ်။”လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဦးဝင်းအောင်ဟာ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး အားလုံးနဲ့အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံခဲ့သူဖြစ်တဲ့အတွက် သူ့အပေါ်မှာ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုတွေ မရှိနိုင်ဘဲ ကျန်းမာရေးအခြေအနေတွေကြောင့် နုတ်ထွက်တာသာဖြစ်တယ်လို့ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသိန်းမောင်က ဆိုပါတယ်။

 

လက်ရှိမှာတော့ ရသေ့တောင်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး အဲဒီနယ်မြေတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို တပ်မတော်က ဖမ်းဆီးတရားစွဲဆိုတာတွေ ရှိနေတာအတွက် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ သူတို့အတွက်လုံခြုံမှုမရှိတော့ဘူးဆိုပြီး နုတ်ထွက်မှုတွေလည်း ရှိနေပါတယ်။

 

 

#voiceofmyanmar #ရခိုင် #ရသေ့တောင် #မြို့နယ်အုပ်ချုပ်ရေးမှူးနုတ်ထွက်

 

Related posts

Leave a Comment

VOM News

FREE
VIEW