ဘူးသီးတောင်မြို့နယ်မှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာမှုနဲ့ တပ်ကဖမ်းဆီးထား

ဘူးသီးတောင်၊ သြဂုတ် ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာလို့ဆိုပြီး မနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက တပ်မတော်ကနေ ဖမ်းဆီးသွားပါတယ်။

 

အဲ့ဒီပညာရေးဝန်ထမ်းဟာ ပြင်ချောင်းကျေးရွာ အမကမှာ တာဝန်ကျနေတဲ့ မူလတန်းပြဆရာ ဦးနေဇော်လင်းဖြစ်ပြီး သရက်ပြင်ကျေးရွာက ကျောင်းသားတွေကို ကျူရှင်ပြပြီးလို့ ကြာညိုပြင်ကျေးရွာကို ပြန်လာတဲ့အချိန် စိုင်းဒင်တံတားမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

 

“သူ့ကိုဖမ်းတာက သူဟာ သရက်ပြင်ရွာကနေ စာပြလို့ ပြန်လာတဲ့အချိန် စိုင်းဒင်တံတားပေါ်မှာ ဖုန်းဝင်လာလို့ ဖုန်းပြောနေတုန်း တပ်ကဖမ်းသွားတာလို့ သိရတယ်။ သူ့ကိုဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။”လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

 

ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းဆရာဟာ ပြင်ချောင်းကျေးရွာကနေ ထွက်ပြေးလာပြီး ကြာညိုပြင်ကျေးရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းက ကလေးတွေကို ပညာသင်ကြားပေးနေရင်း ဆရာ မရှိတဲ့ သရက်ပြင်ရွာက ကလေးတွေကိုလည်း ပညာသင်ကြားပေးနေသူလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

 

“သူ့ကိုဖမ်းထားပြီဆိုတာကို သူဖုန်းဆက်လာမှပဲ ကျနော်သိရပါတယ်။ သူ့မှာက ခါတိုင်းသွားနေကျ လမ်းဖြစ်တဲ့အတွက် ဝန်ထမ်းကတ်တွေလည်း ပါမသွားဘူးလို့ ပြောပါတယ်။ စစ်တပ်ကဖမ်းတဲ့အချိန်မှာ ကတ်တွေလည်းမပြနိုင်တော့ ဖမ်းသွားတာပါ။ တကယ်တော့ သူကစာပြပြီးပြန်လာတာပါ။ ကျနော်နဲ့ လက်ထောက်မြို့နယ်ပညာရေးမှူးရယ်၊ ကျေးရွာအုပ်စု စာရေးရယ် လိုက်သွားတော့ တွေ့ခွင့်မရရှိခဲ့ပါဘူး။ သူ့ကို စစ်ဆေးစရာတွေရှိသေးတယ်လို့ပဲ ပြောလိုက်ပါတယ်။”လို့ ပြင်ချောင်းကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မနေ့ညနေပိုင်းကနေ ဒီနေ့အထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

 

လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည် ကျောင်းသူ၊ ကျောင်းသားတွေ ပညာသင်ကြားမှု မပြတ်တောက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ကျ ဆရာ၊ ဆရာမတွေကို ဒုက္ခသည်စခန်းတွေမှာ သွားရောက်ပညာသင်ကြားပေးဖို့အတွက် ညွှန်ကြားထားတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင် #ဘူးသီးတောင် #စစ်ရှောင်ဒုက္ခသည် #ပညာရေးဝန်ထမ်းဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW