ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ အသုံးပြုနေတဲ့ကားထဲက သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ တွေ့ရှိ

နေပြည်တော်၊ သြဂုတ် ၆ – ၂၀၁၉

ကိုထွန်း(VOM)

 

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ ဘောဂသီရိကားဝန်းအတွင်းက ကားဝပ်ရှော့တစ်ခုမှာ ပြုပြင်ဖို့ဆိုပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာနက အပ်ထားတဲ့ကားထဲက ကျပ်သိန်း ခြောက်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့ ပျဉ်းမနားမြို့မရဲစခန်းက သိရပါတယ်။

 

“အဲဒါက ဝန်ကြီးဌာနကကား၊ သူတို့က ဆီထည့်တဲ့အခါမှာ ဆီကသတ်မှတ်ပမာဏထည့်လို့မရဘူး၊ နည်းနေတာ။ အဲတော့ မသင်္ကာလို့ တိုင်ကီကို စစ်ဖို့ပေါ့။ အဲဒါနေဝပ်ရှော့က ဖြုတ်စစ်တော့ တွေ့တဲ့အခါမှာ ကျနော်တို့ဆီ အကြောင်းကြားလို့ သွားစစ်တော့ တိုင်ကီအတွင်းထဲမှာ အကန့်အကန့်တွေ ထည့်ထားတာပေါ့။”လို့ ပျဉ်းမနားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

 

သြဂုတ် ၅ ရက်က ဘုရင့်နောင်ယာဉ်ပြင်ရုံ  အမှတ်-(ယ/၃၆) အလုပ်ရုံမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ပြုပြင်ဖို့အပ်ထားတဲ့ Land Cruiser အမျိုးအစား(အဖြူရောင်)ကားရဲ့ ဆီတိုင်ကီ အံဝှက်အတွင်းက အလေးချိန် ၃၅၀ ဂရမ်ခန့်ဆီပါ ဖြူ/ဝါရောင် ဘိန်းဖြူ ဘလောက်တုံး ၈၉ တုံး (ကာလတန်ဖိုး ကျပ်သိန်း ၆၂၀၀ ခန့်)ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အဲဒီကားဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မရဲစခန်းကနေ မူး၊စိတ်ပုဒ်မ ၁၉(က)အမှု တရားခံ ကျန်ရင်းဟောင်(၃၅နှစ်)ရဲ့ကားဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ရာကနေ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုဖို့ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် အခုတွေ့ရှိခဲ့တဲ့ ဘိန်းဖြူတွေနဲ့ ပတ်သက်ပြီး ကျန်ရင်းဟောင်ကို မူး၊စိတ် ၁၉ (က)နဲ့ သြဂုတ် ၅ ရက်က အမှုဖွင့်ထား ပျဉ်းမနားမြို့မရဲစခန်းက သိရပါတယ်။ အဲဒီမူးယစ်ဆေးတွေကို တွေ့ရှိတဲ့အကြောင်း ဝပ်ရှော့ဆရာက ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

 

ဓါတ်ပုံ – ရဲတပ်ဖွဲ့

 

#voiceofmyanmar #နေပြည်တော် #မူးယစ်ဆေးဝါး

Related posts

Leave a Comment

VOM News

FREE
VIEW