ရှစ်လေးလုံးရဲ့ ရည်မှန်းချက်တွေပြည့်ဖို့ဘယ်လောက်နီးပြီလဲ၊ ရှစ်လေးလုံးသမိုင်းကို နောက်မျိုးဆက်တွေဘယ်လောက်သိလဲဆိုတဲ့အပေါ် ၈၈ မျိုးဆက်အချို့ရဲ့ပြောဆိုချက်များ

မန္တလေး၊ သြဂုတ် ၇ – ၂၀၁၉

ဖြူဖြူ(VOM)

 

နိုင်ငံတစ်ဝှမ်းက ရဟန်းရှင်လူ ပြည်သူအများ သွေးချောင်းစီးခဲ့ရတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့တာဟာ သြဂုတ်လ ၈ ရက် (မနက်ဖြန်)မှာဆိုရင် ၃၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

 

ဒီသမိုင်းအဖြစ်ဆိုးကို နောင်မျိုးဆက်တွေ သိရှိအောင်၊ မမေ့အောင် ခေတ်အဆက်ဆက်အစိုးရတွေက ဖေါ်ဆောင်ဖို့လိုအပ်သလို ၈၈ အရေးတော်ပုံရဲ့ ဘုံရည်မှန်းချက်တွေပြည့်ဝအောင်လည်း အကောင်အထည်ဖော်ဖို့ လိုနေသေးတယ်လို့ ၈၈ မှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့ခံအချို့က ဆိုပါတယ်။

 

ကျောင်းသင်ခန်းစာတွေ၊ သမိုင်းပြတိုက်တွေ၊ ပြန်တမ်းတွေမှာ ၈၈ လူထုအရေးတော်ပုံရဲ့သမိုင်းအမှန်ကို ဖေါ်ပြပေးဖို့အပြင် ၈၈ လူထုအရေးတော်ပုံနေ့ကို တရားဝင်အသိအမှတ်ပြုရက် သတ်မှတ်ပေးဖို့ကိုလည်း အကြံပြုကြပါတယ်။

 

ဒီအရေးတော်ပုံကြီးရဲ့ အကျိုးရလဒ်တစ်ခုအဖြစ် အခုအချိန်မှာဆိုရင်တော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်းပေါ်လာပြီ ဖြစ်ပါတယ်။ လူထုတင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာရော လူထုတောင်းဆိုခဲ့တဲ့ ၈၈ အရေးတော်ပုံရဲ့ ဘုံရည်မှန်းချက် ဘယ်လောက်နီးလာပြီလဲဆိုတာကို ၈၈ မှာပါဝင်ခဲ့သူအချို့က အခုလိုပြောဆို ကြပါတယ်။

 

၈၈ ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းစစ်တွေငြိမ်းချမ်းပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတစွာဖေါ်ဆောင်နိုင်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ဆိုတာတွေဟာ လက်ရှိအချိန်အထိ တိတိကျကျ မတည်ဆောက်နိုင်သေးတဲ့အတွက် ရှစ်လေးလုံးရဲ့တောင်းဆိုချက်တွေဟာ ဒီနေ့အထိ အသက်ဝင်နေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

 

ဒီမိုကရေစီလိုလားတဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအင်အားစုတွေဟာ စနစ်ကျကျ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရင် ၈၈၈၈ ရဲ့ရည်မှန်းချက်တွေ မြန်မြန်ဆန်ဆန်ပြည့်ဝလာမှာ ဖြစ်ပါတယ်။

 

သြဂုတ် ၈ ရက်မှာဆိုရင်တော့ နိုင်ငံရဲ့နေရာတော်တော်များများမှာ ၈၈၈၈ လူထုအရေးတော်ပုံ ၃၁ နှစ်ပြည့်အခမ်းအနားတွေ ကျင်းပကြမှာဖြစ်ပြီး မန္တလေးမြို့မှာလည်း မဟာမုနိဘုရားကြီးမှာ ပြုလုပ်သွားမှာပါ။ အဲဒီပွဲမှာ နိုင်ငံရေးသဘောထားကြေညာချက်တွေ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- FB

 

#voiceofmyanmar #၈၈၈၈ #မန္တလေး #

Related posts

Leave a Comment

VOM News

FREE
VIEW