၂၀၀၈ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြု

နေပြည်တော်၊ သြဂုတ် ၉ -၂၀၁၉

ကိုထွန်း(VOM)

 

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီက တင်ပြထားတဲ့အစီရင်ခံစာကို ဒီနေ့ သြဂုတ် ၉ ရက်မှာ ကျင်းပတဲ့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း အတည်ပြုလိုက်ပါတယ်။

 

ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြုနည်းနဲ့ ဆောင်ရွက်ခဲ့ရာမှာ ထောက်ခံဆန္ဒမဲ ၄၀၁ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ၊ ကြားနေမဲမရှိဘဲ ထောက်ခံဆန္ဒမဲများတဲ့အတွက် သဘောတူအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးထွန်းထွန်းဟိန်က ဒီနေ့လွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။

 

ကော်မတီအစီရင်ခံစာ အတည်ပြုလိုက်တဲ့အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်မှူးချုပ်မောင်မောင်ကတော့ “သီးခြားပြောစရာတော့ မရှိပါဘူး။ အရင်ကပြောဖူးသလို စောင့်ကြည့်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အတိုင်း ဆက်ပြီးလုပ်နေမှာပါ။ ပါဝင်ဖို့ ရှိလား၊ မရှိဘူးလားဆိုတာကတော့ ပြောလို့မရသေးပါဘူး။”လို့ ပြောပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ဇူလိုင် ၃၀ ရက်နဲ့ ဩဂုတ် ၁ ရက်မှာ လွှတ်တော်ကိုယ်စားလှယ်  ၄၁ ဦးတို့က ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များနဲ့ ပတ်သက်ပြီး ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ဒီနေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့မှာ  ဖတ်ကြားခဲ့တာပါ။

 

ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ အကြံပြုချက်တွေနဲ့ အချက်ပေါင်း ၃၇၀၀ ပါဝင်တဲ့ အဲဒီအစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

“ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့အပေါ် ရှင်းလင်းတင်ပြလိုခြင်းမရှိသော်လည်း အကြံပြုတင်ပြခြင်းအပေါ်သေချာစွာမှတ်သား နာယူထားပြီး နောင်လုပ်ငန်းစဉ်ဖြစ်တဲ့ ဥပဒေကြမ်းရေးစွဲခြင်းတွင် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါတယ်။” လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

 

ဖွဲ့စည်းပုံဆိုတာ နိုင်ငံအတွက်အရေးကြီးတာကြောင့် ဒါကိုပြင်ဆင်တဲ့အခါမှာ ပုံစံတွေယိုင်ရွဲ့သွားပြီးတော့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို ထိခိုက်လာရင် စိုးရိမ်စရာအခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဗိုလ်မှူးချုပ်မောင်မောင်က ဆိုပါတယ်။

 

“အခု သူတို့ပြောထားတာကတော့ အဖွဲ့ကိုးဖွဲ့နဲ့ ဥပဒေကြမ်း ပြုစုမယ်ပေါ့။ ဒီဥပဒေကြမ်းပြုစုမယ်ဆိုတာက အရင်က အမျိုးသားညီလာခံလုပ်ခဲ့သလို လုပ်မှာလား၊ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်လုပ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပေါ့။ သာမန်ပဲ အကြံလေးလောက်ပဲပေးပါဆိုတာလောက်နဲ့ သွားမလား၊ ဒါတော့မသိဘူးလေ။ စောင့်ကြည့်ရမှာပေါ့။” လို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

 

#voiceofmyanmar #နေပြည်တော် #၂၀၀၈ခြေဥပြင်ဆင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW