နာဂဒေသ ဦးစီးဥက္ကဋ္ဌက ငြင်းဆိုပေမယ့် ကျေးရွာအချို့ရိက္ခာပြတ်နေတယ်လို့ သိရ

လဟယ်၊ သြဂုတ် ၁၀ -၂၀၁၉

ခန္တီးဆောင်း(VOM)

 

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်ထဲက  ကျေးရွာတချို့မှာ စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

 

“စားနပ်ရိက္ခာ ပြတ်လပ်မှုက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာနှစ်စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ အစိုးရအဖွဲ့က ကူညီမှုတွေ မရရှိသေးဘူး။”လို့ ဒေသခံ ကိုလော်တူးက ပြောပါတယ်။

 

နာဂဒေသမှာ နှစ်စဉ်မိုးရာသီကာလရောက်တိုင်း အခုလို စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပေမယ့် ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက်ပေးမှုတွေ ရောက်မလာဘူးလို့ ဆိုကြပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းကတော့ “ကျနော်တို့ နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်တာတွေ မရှိပါဘူး။ ဒါတွေက သတင်းအမှားတွေ ဖြစ်တယ်။” လို့ ဆိုပါတယ်။

 

ဒါပေမယ့် လဟယ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်ကတော့ နာဂဒေသက ကျေးရွာတချို့ဟာ ဆန်စပါးဖြစ်ထွန်းမှု နည်းပါးတဲ့အတွက် နှစ်စဉ်အခုလို စားနပ်ရိက္ခာ မလုံလောက်မှုတွေ ကြုံရသလို အစိုးရက ထိရောက်စွာဖြေရှင်းပေးမှုလည်း အားနည်းတယ်လို့ ဆိုပါတယ်။

 

ဦးမောင်ကယ်က “ဒီလိုဖြစ်နေတဲ့ ကျေးရွာတွေကို ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သင့်တယ်။ အခုက စားနပ်ရိက္ခာ ပြတ်လပ်နေကြပြီ။ ဒေသဦးစီးအဖွဲ့က ဘယ်သူမှသွားတာမရှိသေးဘူး။ ဒါတွေမဖြစ်အောင် အစိုးရကလည်း ကြိုတင်ပြင်ဆင်မှု ပြုလုပ်သင့်တယ်။” လို့ ပြောပါတယ်။

 

ဒါပေမယ့် ဘယ်လောက်ထိ ပြတ်လပ်နေလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘဲ အဲဒီအခြေအနေတွေကို သိရှိအောင် သတင်းအချက်အလက်ယူခိုင်းနေတယ်လို့ သိရပါတယ်။

 

လဟယ်မြို့နယ်ရဲ့ သုံးပုံတစ်ပုံလောက်လူဦးရေဟာ နှစ်စဉ် အခုလို အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အတွက် ရေရှည်မှာ အဆင်ပြေနိုင်အောင် စိုက်ပျိုးရေးကောင်းမွန်ဖို့ လိုပါတယ်။ ဒီ့အတွက် ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ၊ အရင်းအနှီးတွေ ရရှိဖို့ အဆင့်ဆင့်တင်ပြသွားမယ်လို့ ဦးမောင်ကယ်က ပြောပါတယ်။

 

လတ်တလောမှာတော့ လူမှုဝန်ထမ်းဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကနေ စားနပ်ရိက္ခာ မလုံလောက်တဲ့ အိမ်ထောင်စု တစ်စုကို ဆန်ငါးပြည်နှုန်းလောက် ပေးဝေပြီး ဖြေရှင်းနေပါတယ်။ ဒေသခံတွေ ကိုယ်တိုင်အနေနဲ့ကလည်း ဆန်စပါးခက်ခဲတဲ့အတွက် ပြောင်း၊ ပိန်းဥ၊ မြောက်ဥလို အစားအသောက်တွေနဲ့ ဝမ်းရေးဖြေရှင်းနေတယ်လို့ သိရပါတယ်။

 

နာဂဒေသဟာ လမ်းပန်းဆက်သွယ်ရေး သွားလာရ ခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ကူညီပံ့ပိုးပေးချင်တဲ့ လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း အခက်အခဲ ကြုံတွေ့နေရပါတယ်။

 

နှစ်တိုင်းလိုလို လမ်းဖောက်တာ၊ လမ်းချဲ့တာတွေ လုပ်နေပေမယ့်လည်း သွားလာရခက်ခဲနေဆဲဖြစ်ပြီး ဘတ်ဂျက်မလုံလောက်မှုကြောင့် မြေသားလမ်းအဖြစ်နဲ့သာ တိုးချဲ့ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

 

“မိုးရွာပြီဆိုရင် လမ်းတွေက ပါသွားရော။ တောင်ပြိုတာ၊ ပိတ်ဆို့တာတွေကလည်းဖြစ်တယ်။ လမ်းတွေက ဖောက်ပေမယ့် လိုရင်းကို မရောက်ဘူး။ ကျနော်တို့က လုပ်ပြီးသားအဟောင်းပြင်ရမလား၊ အသစ်ပဲဖောက်ရမလား ခက်နေတယ်။”လို့ ဦးမောင်ကယ်က ပြောပါတယ်။

 

ပြည်ထောင်စုအစိုးရဘတ်ဂျက် ဒါမှမဟုတ် တိုင်းအစိုးရဘတ်ဂျက်ကို လုံလုံလောက်လောက် ချပေးနိုင်မယ်ဆိုရင်တော့ ကျောက်ခင်းလမ်း၊ ကွန်ကရစ်ခင်းတွေခင်းနိုင်မှာ ဖြစ်ပြီး ရေရှည် တည်တံ့နိုင်မှာ ဖြစ်ပါတယ်။

 

#voiceofmyanmar #နာဂ #လဟယ် #စစ်ကိုင်း #စားနပ်ရိက္ခာပြတ်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW