ပေါင်မြို့နယ် မြေပြိုကျမှုမှာ သေဆုံးသူ ၃၄ ဦးတွေ့ထားပြီး ကလေး ၁၈ ဦးပါဝင်

ပေါင်၊ သြဂုတ် ၁၀ – ၂၀၁၉
မိုးယံ(VOM)

 

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ သံဖြူရပ်ကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုကျမှုကြောင့် လက်ရှိအချိန် သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ ၃၄ ဦးတွေ့ရှိထားပြီး ကလေးငယ် ၁၈ ဦးပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

 

မနေ့ ည ၁၁ နာရီအထိမှာ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီး ၁၄ ဦး ကလေး ၁၂ ဦးရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှာ လူကြီး ၂ ဦး၊ ကလေး ၆ ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းက ကိုဇာနည်က ပြောပါတယ်။ ဒါ့အပြင် အသက်ရှင်လျက် ရှာဖွေတွေ့ရှိထားတဲ့ ၂၈ ဦးကို ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။

 

မွန်ပြည်နယ်မှာ သြဂုတ် ၉ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင်ပြိုကျခဲ့တာကြောင့် လူနေအိမ်တွေပိပြီး သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

 

“ရှာဖွေကယ်ဆယ်ရေးတွေတော့ ဆက်လုပ်နေကြပါတယ်။ ရဲ၊ မီးသတ်၊ လူမှုကယ်ဆယ်ရေးအသင်းတွေ၊ တပ်မတော်သားတွေအားလုံး စက်ယန္တယားတွေနဲ့ ကယ်ဆယ်နေကြပါတယ်။”လို့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

 

ဒီနေ့ နေ့လည် ၁ နာရီခွဲလောက်က နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အဲဒီဒေသကို ရောက်ရှိလာတဲ့အတွက် ဆရာတော်ဓမ္မနဒ္ဒီက ဒုသမ္မတကို “တောင်ကထပ်ပြီးပြိုနေသေးတယ်။ ဒီတောင် ပတ်ပတ်လည်မှာ ထပ်ပြီးပြိုအုံးမှာ၊ ကြာကြာနေလို့တော့ မဖြစ်ဘူး။ ရေရှည်မှာ နှစ်တိုင်းနှစ်တိုင်း ဒီပြသနာဖြစ်နေမှာ၊ လူထုလည်း ပျက်ဆီးဆုံးရှုံးမှုတွေရှိနေမယ်။ ဒါကိုတော့ ဒကာတို့ အစိုးရအနေနဲ့ တခြားမှာနေစရာ စီစဉ်ပေးပါ။”လို့ မိန့်ကြားခဲ့ပါတယ်။

 

အဲဒီနောက် ဒုသမ္မတက မီးသတ်တပ်ဖွဲ့၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ မော်လမြိုင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆရာတော်ကို ကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်ဖို့ ငွေသားတွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

မွန်ပြည်နယ်မှာ ရွာခဲ့တဲ့ အဲဒီမိုးရွာသွန်းမှုကြောင့် ရပ်ကွက်တော်တော်များများမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – Zar Ni facebook

#voiceofmyanmar #ပေါင် #မြေပြိုမှု

Related posts

Leave a Comment

VOM News

FREE
VIEW