ပြင်ဦးလွင်၊ နောင်ချိုက ပစ်ခတ်မှုမျိုး ထပ်မဖြစ်အောင် လုံခြုံရေးအားနည်းချက်တွေကို သုံးသပ်ဆောင်ရွက်မယ်

နေပြည်တော်၊ သြဂုတ် ၁၆ – ၂၀၁၉

ကိုထွန်း(VOM)

 

မနေ့က ပြင်ဦးလွင်မြို့နယ်နဲ့ နောင်ချိုမြို့နယ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခံရမှုတွေဟာ လုံခြုံရေးပိုင်းအားနည်းတာကြောင့်လို့ ဝေဖန်ပြောဆိုနေကြတဲ့အပေါ် နောက်တစ်ကြိမ် ဒါမျိုးမဖြစ်အောင် အုပ်ချုပ်ရေးပိုင်းအားလုံးရဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ကြိုးစားဆောင်ရွက်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

 

“ရာနှုန်းပြည့် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်အာမခံချက်၊ ဒါမျိုးကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အာမခံပေးဖို့ ခက်ပါတယ်။ သို့သော် အခုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်မှာ တပ်မတော်ကရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရော၊ အုပ်ချုပ်ရေးပိုင်းကရော အားနည်းချက်တွေ ပြန်လည်သုံးသပ်ပြီးတော့ ဒါမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်ပွားအောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာပါ။” လို့ သူက ပြောဆိုခဲ့တာပါ။

 

ဒီနေ့ သြဂုတ် ၁၆ ရက် ညနေပိုင်းက နေပြည်တော်သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးဖွဲ့စည်းတာတွေကို အစဉ်အမြဲဦးစားပေး စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

မနေ့ သြဂုတ် ၁၅ ရက် မနက်စော ငါးနာရီခွဲလောက်ကစပြီး ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့ကို လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

 

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က အရာရှိစစ်သည် ၉ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၃ ဦး၊ အရပ်သား ၃ ဦး စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်နည်းပညာတက္ကသိုလ်က ပျက်စီးဆုံးရှုံးမှုနဲ့ ရဲတပ်ဖွဲ့က လက်နက်ခဲယမ်းတွေရဲ့တန်ဖိုးမပါ စုစုပေါင်း ကျပ်သိန်း ၂၈၂၁ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဦးဇော်ဌေးက အတည်ပြုပါတယ်။

 

အဲဒီပစ်ခတ်မှုတွေကို TNLA( တအာင်းလွတ်မြောက်ရေးတပ်မတော်)၊ AA(ရခိုင်တပ်မတော်) ၊ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့)တို့ဘက်က ပစ်ခတ်တာလို့ TNLA ဘက်က အတည်ပြု ပြောဆိုထားပါတယ်။

 

ဒီပစ်ခတ်မှုကြောင့် ဂုတ်တွင်းတံတားလည်း  ထိခိုက်ပျက်စီးသွားတဲ့အတွက် တရုတ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်ရေးကို သွားနေတဲ့ကားတွေ အားလုံးပိတ်ဆို့သွားပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားပါတယ်။ တံတားပျက်စီးသွားမှုကိုတော့ အစိုးရအနေနဲ့ ငါးရက်အတွင်းမှာ နှစ်လမ်းသွား တံတားဘေလီကို အပြီးဆောက်လုပ်သွားဖိုလုပ်နေပြီလို့ သိရပါတယ်။

 

“မနေ့ကဖြစ်သွားတဲ့ဖြစ်စဉ်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါတယ်။ နောက်ပြီးမူးယစ်ဆေးဝါး စစ်ဆေးတဲ့ ကိရိယာတွေကို ဖျက်စီးတယ်ဆိုတာ ရည်ရွယ်ချက် ရှိရှိလုပ်တာဖြစ်တယ်။” လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

ဒီလုပ်ရပ်တွေဟာ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို များစွာထိခိုက်စေခဲ့ပေမယ့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လာရောက်ဖို့ လမ်းဖွင့်ထားသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်အောင်မြင်မြင်ဖြစ်ဖို့ contant person တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေတစ်ဆင့် ဖိတ်ခေါ်ပြီး ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

 

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အောင်အောင်မြင်မြင်ဖြစ်စေဖို့အတွက် အမှန်တကယ် ငြိမ်းချမ်းရေးလိုလားတဲ့ ဆန္ဒပေါ့၊ ပြီးတော့ ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံရေးစိတ်ကူးစိတ်သမ်းရှိဖို့ လိုပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အနှောက်အယှက်ဖြစ်အောင်၊ ထိခိုက်အောင် အမြတ်ထုတ်မှုတွေ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။”လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

 

#voiceofmyanmar #ဦးဇော်ဌေး #နေပြည်တော် #နောင်ချို #ပြင်ဦးလွင် #ပစ်ခတ်တိုက်ခိုက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW