ထိုင်ဝမ်ကို အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေရောင်းဖို့ အမေရိကန်စီစဉ်နေ

ဝါရှင်တန်၊ သြဂုတ်-၁၇-၂၀၁၉

မျိုးဆက် (VOM)

 

သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရဟာ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ ထိုင်ဝမ်ကို ရောင်းချရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ကို ဒေါ်လာ ရှစ်ဘီလီယံတန်ဖိုးရှိ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ် ၆၆ စင်း ရောင်းချရေးအစီအစဉ်ကို အမေရိကန်ကွန်ဂရက်သို့ အလွတ်သဘောတင်ပြထားတယ်လို့ ၀ါရှင်တန်ပို့စ်နဲ့ အခြားအမေရိကန်သတင်းဌာနကတွေက သြဂုတ် ၁၆ ရက်မှာ ဖော်ပြပါတယ်။

 

တရုတ်နိုင်ငံဆီကနေ ဖိအားတွေကြီးထွားလာတာကို တုံ့ပြန်ဖို့ ထိုင်ဝမ်ရဲ့စစ်ဘက် လက်နက်ကိရိယာတွေကို ခေတ်မီစေရေး လုပ်ဆောင်နေတဲ့  ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ထံက တောင်းဆိုလိုက်ပြီးနောက် လေယာဉ်များရောင်းချရေးကို အမေရိကန်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

အဲဒီရောင်းချမှုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား အကြီးမားဆုံးလက်နက်ရောင်းချမှုတွေထဲမှ တစ်ခုဖြစ်လိမ့်မယ်လို့ အမေရိကန် သတင်းဌာနက ဖော်ပြထားပါတယ်။

 

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့လကလည်း တင့်ကား ၁၀၈ စီး၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံတွေနဲ့ ခဲယမ်းမီးကျောက်တွေအပါအ၀င် ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ လက်နက်တွေရောင်းချမယ့် အစီအစဉ်ကို ခွင့်ပြုခဲ့ပါတယ်။ အမေရိကန်ရဲ့ ဒီလိုလုပ်ဆောင်တာတွေကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ထိုင်ဝမ်ကို စစ်ဘက်ပစ္စည်းတွေရောင်းချတာဟာ တရုတ်နိုင်ငံရဲ့ တစ်ပြည်ထောင်မူဝါဒကို ချိုးဖောက်တာဖြစ်ပြီး နိုင်ငံရဲ့ ပြည်တွင်းရေးကိုလည်း ၀င်ရောစွက်ဖက်တာဖြစ်ကာ အချုပ်အခြာအာဏာကို ထိပါးခြင်းလည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွှန်ယင်က သြဂုတ် ၁၆ ရက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

 

Ref : NHK Photo: Reuters

#voiceofmyanmar #ထိုင်ဝမ် #တရုတ် #အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW