ရှမ်းမြောက်မှာ လတ်တလောတိုက်ပွဲတွေကြောင့် စစ်ရှောင် နှစ်ထောင်ဝန်းကျင်ရှိ၊ အရပ်သားတွေကို စာနာဖို့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို

မန္တလေး၊ သြဂုတ် ၂၁ – ၂၀၁၉

ဖြူဖြူ (VOM)

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်ထောင်ဝန်းကျင် ရှိနေပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးနဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ရှမ်းမြောက်အခြေစိုက် အရပ်ဖက်အဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုပါတယ်။

 

“တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့အများပြည်သူကို စာနာဖို့၊ ပိတ်မိနေတဲ့ အရပ်သားတွေ လွတ်မြောက်ဖို့ပေါ့။ ဒီနေ့တော့ လွတ်ပြီလို့တော့လည်းကြားပါတယ်။ ဟိုရက်တွေကတော့ ကယ်ဆယ်ရေးတောင် ပေးမဝင်ဘူးလေ။ ပြီးတော့ နှစ်ဖက်အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့ပေါ့။”လို့ အလင်းမီးအိမ် အဖွဲ့ခေါင်းဆောင် ကိုချမ်းငြိမ်းမိုးက ပြောပါတယ်။

 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ AA(ရခိုင့်တပ်မတော်)၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(ကိုးကန့်အဖွဲ့)နဲ့ တပ်မတော်တို့ သြဂုတ် ၁၅ ရက်ကတည်းက တိုက်ပွဲတွေ ဖြစ်ပေါ်နေကြတာ ဖြစ်ပါတယ်။

 

ဒီနေ့ သြဂုတ် ၂၁ ရက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ နမ့်မတူ၊ ကျောက်မဲမြို့ အခြေစိုက် အရပ်ဖက်အဖွဲ့ ၁၁ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

 

စစ်ရှောင်ပြည်သူတွေဟာ လားရှိုး၊ ကွတ်ခိုင်မြို့နယ်တွေနဲ့ မူဆယ်အဝင် နမ့်ဖက်ခါမှာ သွားရောက်ခိုလှုံနေကြတာဖြစ်ပြီး လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတိုက်မှာ အများဆုံးရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကလည်း လတ်တလော အချိန်အထိ ကွတ်ခိုင်ဘက်မှာ ရှိနေသေးတဲ့အတွက် စာသင်ကျောင်းအချို့လည်း ပိတ်ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

ထုတ်ပြန်ချက်တွေ ထုတ်ပြန်တောင်းဆိုပေမယ့် နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လေးစားလိုက်နာနိုင်ပါ့မလားဆိုတဲ့ မေးမြန်းမှုအပေါ်  “လူထုအသံအင်အားများလာရင်တော့ သူတို့ပိုပြီး လိုက်နာလာလိမ့်မယ်လို့ ယူဆပါတယ်။ ကျန်တာတွေလည်း နှိုးဆော်ထားတာတွေတော့ ရှိပါတယ်။ ထုတ်ပြန်ချက်တွေလောက်နဲ့ မလုံလောက်ဘူးဆိုရင်တော့ ကျနော်တို့ လုပ်လို့ ရနိုင်တဲ့ အခင်းအကျင်းပေါ်မူတည်ပြီးတော့ လုပ်ဆောင်ချက်တွေ ရှိသွားမှာပါ။”လို့ ကိုချမ်းငြိမ်းမိုးက ပြောပါတယ်။

 

#voiceofmyanmar #ရှမ်းပြည်နယ်မြောက်ပိုင်း #စစ်ရှောင် #ကြေညာချက်ထုတ်

 

ဓါတ်ပုံ – Khun Zaw Oo

Related posts

Leave a Comment

VOM News

FREE
VIEW