မြန်မာစာပေဟာ အကျဘက် ဦးတည်နေတဲ့အတွက် စာပေသြဇာကြီးတဲ့ ပညာရှင်တွေရဲ့ စာပေတွေ ကျောင်းပညာရေးမှာ ပြဋ္ဌာန်းဖို့ လွှတ်တော်မှာ မေးမြန်း

နေပြည်တော်၊ သြဂုတ် ၂၂ -၂၀၁၉

ကိုထွန်း(VOM)

 

မြန်မာစာပေဟာအကျဘက်ကို ဦးတည်နေတဲ့အတွက် ပြန်လည်ဦးမော့လာဖို့ မြန်မာ့စာပေသမိုင်းမှာ အရှိန်အဝါကြီးမားခဲ့တဲ့ စာပေပညာရှင်တွေရဲ့ စာတွေ ပညာရေးမှာ ပြဋ္ဌာန်းသင်ကြားပေးဖို့ အစီအစဉ်ရှိမရှိ ဒီနေ့ သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တောင်တွင်းကြီး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက မေးမြန်းခဲ့ပါတယ်။

 

“ဒီနေ့ facebook ခေတ်ကြီးမှာ ရသစာပေအားနည်းလာပြီး မြန်မာစာပေဟာ အကျဘက်ကို ဦးတည်နေပါပြီ။ ဒါကြောင့်မြန်မာစာပေ ဦးမော့လာစေရန် ရည်ရွယ်ချက်နဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီး ဌာနကို မေးမြန်းလိုတာက နောင်အသစ်ပြဋ္ဌာန်းမယ့် စာအုပ်တွေမှာ ဆရာဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်တို့ အပါအဝင် စာပေသြဇာအရှိန်အဝါကြီးမားခဲ့တဲ့ စာပေပညာရှင်များရဲ့ စကားပြေ၊ ကဗျာများ ပြဋ္ဌာန်းသင်ကြားပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုပါတယ်။”လို့ ပြောခဲ့တာပါ။

 

မြန်မာတို့ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီးနောက်မှာ မြန်မာစာပေဟာ အနှိမ်ခံဖြစ်ခဲ့ရပြီး အင်္ဂလိပ်စာပေနဲ့ ယဉ်ကျေးမှုကို အထင်ကြီးခဲ့ရတဲ့ ကာလဖြစ်ခဲ့ရပါတယ်။ ၁၉၃၀ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာစာပေကို အရေးပါတဲ့အဆင့် ပြန်ရောက်အောင် ဆရာကြီး ဦးဖေမောင်တင်ကနေ ရန်ကုန် တက္ကသိုလ်မှာ မြန်မာစာဌာနကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက် တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ဆရာဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊ ဦးဖိုးကျား(သိပ္ပံမောင်ဝ)၊ ဦးစိန်တင်တို့ဟာ ရှေးဟောင်းမြန်မာစာအရေးအသားကနေ ဖေါက်ထွက်ကာ ခေတ်ဆန်းစာပေရေးဟန်တွေကို ရေးသားခဲ့ကြပြီး ဒီခေတ်ဆန်းစာပေပညာရှင်ကြီးတို့ကြောင့် မြန်မာစာပေဟာ ပြန်လည်ဦးမော့လာခဲ့တာပါ။

 

ဒီဆရာကြီးတွေရဲ့ ကျေးဇူးတွေကြောင့် ဆရာတင်မိုး၊ ဆရာအောင်သင်း၊ ဆရာစွမ်းရည်၊ ဆန်းထွန်းမန်းတက္ကသိုလ်စတဲ့ ပုဂ္ဂိုလ်ကြီးတွေက မြန်မာစာပေကို ဆက်လက် လက်ဆင့်ကမ်းခဲ့ကြတယ်လို့ သိရပါတယ်။

 

“ဒီလို မြန်မာစာပေကို ဦးဆောင်လမ်းပြသူနဲ့ စာပေအစဉ်အလာကြီးမားသူတွေရဲ့ စကားပြေများ၊ ကဗျာများဟာ ကျောင်းသင်ရိုး မာတိကာတွေမှာ မပါဝင်ခဲ့တာကြာပါပြီ။” လို့ ဦးမင်းသိန်းက ဆိုပါတယ်။

 

ဒါကြောင့် စာပေသြဇာအရှိန်အဝါကြီးမားတဲ့ စာပေပညာရှင်ကြီးတွေရဲ့ စာပေတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းပေးဖို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

မေးမြန်းမှုနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာ အဆင့်မြင့်မြန်မာပြဋ္ဌာန်းစာအုပ်များတွင် စာဆိုတော်ကြီးများဖြစ်သော ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေသြဇာ အရှိန်အဝါကြီးမားသော အခြားစာပေရှင်များရဲ့ စာပေလက်ရာများကို အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း မြန်မာပြဋ္ဌာန်းစာအုပ်များမှာ ထည့်သွင်းပြဋ္ဌာန်း ပြုစုခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။” လို့ ဖြေဆိုခဲ့ပါတယ်။

 

လက်ရှိမှာလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ပထမတန်းမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ သပြေသီးကောက်နှင့် ကြာဆစ်ကြိုးကဗျာ၊ ဒုတိယတန်းမှာ ရွှေဥသြကဗျာ၊ တတိယတန်းမှာ လယ်စောင့်တဲကဗျာ၊ ဆဌမတန်းမှာ ဆရာဇော်ဂျီရဲ့ ပိတောက်မယ်ကဗျာ၊ နဝမတန်းမှာ ဆရာဇော်ဂျီရဲ့ လှိုင်းကလေးသင်ကဗျာ၊ ဆရာကြီး မင်းသုဝဏ်ရဲ့ လူလည်းတစ်ထွေ၊ ရေလည်းတစ်ခြား စကားပြေ၊ ဒသမတန်းမှာ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာတို့ ပြဋ္ဌာန်းသင်ကြားပေးနေသလို ဆရာတင်မိုးရဲ့ စပါယ်ပွင့်ကလေးကဗျာ၊ မေ့သားလှ ကဗျာ၊ ယုံကလေးကနားရွက်ထောင် ကဗျာ၊  ဆရာပျဉ်းမနား မောင်နီသင်းရဲ့ ဆုတောင်းကဗျာတွေကိုလည်း ပြဋ္ဌာန်းသင်ကြားပေးနေပြီး  အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးက ဆိုခဲ့ပါတယ်။

 

#voiceofmyanmar #နေပြည်တော် #မြန်မာစာပေအကျဘက်ကိုဦးတည်နေ

Related posts

Leave a Comment

VOM News

FREE
VIEW