၂၀၂၀ ရွေးကောက်ပွဲကို သမိုင်းတစ်ခုထူနိုင်အောင် ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင်လုပ်မယ်

နေပြည်တော်၊ သြဂုတ် -၂၃ – ၂၀၁၉

ကိုထွန်း(VOM)

 

လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို သမိုင်းမှတ်တမ်းတစ်ခု ထူနိုင်အောင် ကြိုးစားဆောင်ရွက်သွားဖို့ အဓိဋ္ဌာန်ပြုထားပြီး အဲဒီရွေးကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

 

“ဒီရွေးကောက်ပွဲဟာ ကျနော်ပြောတဲ့ အများယုံကြည်လေးစား လက်ခံတဲ့ ရွေးကောက်ပွဲ မဟုတ်ရင်တော့ ရွေးကောက်ပွဲကြီးက သမာသမတ်မရှိဘူးဆိုရင်တော့ အလကား ဟန်ပြရွေးကောက်ပွဲ ဖြစ်ပြီးတော့ နေမှာပါ။ ကျနော်တို့က ဟန်ပြရွေးကောက်ပွဲ မဟုတ်ဘူး။ စံပြရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်မှာပါ။” လို့ ဆိုပါတယ်။

 

ဒီနေ့ သြဂုတ် ၂၃ ရက်မှာ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေဟာ ဘယ်လောက်ထိ သမာသမတ်ကျတယ်ဆိုတာကို အာမခံချင်တဲ့အတွက် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေကို ဖိတ်ကြားသွားမယ်လို့လည်း ဆိုပါတယ်။

 

အဲဒီဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲအကြောင်းတွေ ပြန်ပြောင်းဆွေးနွေးတာမျိုးမဟုတ်ဘဲ ၂၀၂၀ ကို ဦးတည်ဆွေးနွေးဖို့ ဥက္ကဋ္ဌက မေတ္တာရပ်ခံခဲ့ပါတယ်။

 

အဲဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှသိန်းက “ဒါလည်းမှန်ပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာလည်း အဲဒီဥပဒေတွေက လက်ရှိတည်ရှိနေတဲ့ဥပဒေဖြစ်တယ်။ အဲဒီတည်ရှိနေတဲ့ ဥပဒေတွေကို ကျော်လွန်ထားတဲ့ဟာတွေကျတော့ မကျော်လွန်အောင်လို့ ကျနော်တို့က ပြန်ပြီး remind (သတိပေး) လုပ်ပေးတဲ့သဘောပါ။” လို့ ဆိုပါတယ်။

 

ဆွေးနွေးပွဲကိုတက်ရောက်ဖို့ နိုင်ငံရေးပါတီ ၈၈ ခု ဖိတ်ကြားခဲ့ရာမှာ ၈၄ ခုလောက်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ အချို့က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့အသံကို နားထောင်နိုင်ဖို့ တွေ့ဆုံမှုတွေ ၆ လတစ်ကြိမ်လောက် လုပ်သင့်တယ်လို့ အကြံပြုတာတွေ ရှိခဲ့ပါတယ်။

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက “သမ္မတကြီး ပြောခဲ့သလို ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အသံကို နားထောင်ပေးပါဆိုသလို နားထောင်ဖို့ တိုက်တွန်းတာပါ။ ကျနော်တို့ အခုလေးနှစ်လောက်မှာ ၂ ခါပဲတွေ့တယ်။ အဲတော့ ၆ လတစ်ခါလောက် တွေ့ဖို့ပါ။”လို့ ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံအရ အောက်ခြေ မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်တွေမှာ နိုင်ငံရေးပါတီနဲ့ မကင်းတဲ့ ပုဂ္ဂိုလ်တွေပါနေတာ တွေ့ရတဲ့အတွက် တရားမျှတမှုရှိရဲ့လား မေးစရာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ ဒေသတွေက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ကရော လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါရဲ့လားဆိုတာတွေအတွက်  အလေးအနက် စဉ်းစားသင့်ပါတယ်လို့ သူကပြောပါတယ်။

 

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှသိန်းကလည်း “ပယောဂကင်းကင်းပေါ့။ အခုလက်ရှိ ရှိနေတဲ့ အစိုးရရဲ့ပယောဂလေးတွေ ကင်းကင်းနဲ့ တရားဥပဒေကို တရားဥပဒေအတိုင်း လုပ်သွားမယ်ဆိုရင် ပြည်သူနဲ့ တစ်ထပ်တည်းကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”လို့  ဆိုပါတယ်။

 

 

#voiceofmyanmar #နေပြည်တော် #၂၀၂၀ ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW