မင်းလှမှာ ကျောက်မီးသွေးတွင်း ပြိုကျ လေးဦးပိတ်မိ

မင်းလှ၊ သြဂုတ်၂၆ – ၂၀၁၉

ဂျန်ကိုးလ်(VOM)

 

မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခု မနေ့ သြဂုတ်၂၅ ရက် ညနေက ပြိုကျခဲ့ပြီး လူ ၄ ဦးပိတ်မိနေတယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်။

 

“အင်ကြင်းတောင် ကုမ္ပဏီက တူးဖေါ်နေတဲ့ ကျောက်မီးသွေးတွင်းပါ။ မနေ့က ညနေပိုင်းက ရွာတဲ့ မိုးရေတွေဟာ တောင်ကျချောင်းရေတွေနဲ့ပေါင်းပြီး တွင်းထဲကို ဒလဟောစီးဆင်းပြီး ပြိုကျခဲ့တာ။”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဆပ်ပြာရွာသားတစ်ဦးက ပြောပါတယ်။

 

ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူတွေကို မင်းလှမြို့နဲ့ ရေနံနယ်မြေရဲစခန်းတို့က ရဲတပ်ဖွဲ့ဝင်တွေ၊ ဆပ်ပြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ကျောက်မီးသွေးတွင်း အလုပ်သမားတွေ စုပေါင်းတဲ့လူ ၂၀ ခန့်က ရေတွေကို ရေစုတ်စက်နဲ့စုတ်ထုတ်နေပြီး ကယ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

 

ပိတ်မိသူတွေဟာ စိုးအောင် (၁၉ နှစ်)၊ ပိုင်စိုးဝင်း (၂၈ နှစ်)၊ နိုင်ထက်ဦး (၂၀ နှစ်)၊ အောင်ချမ်းသာ (၁၆ နှစ်) တို့ ဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပြီး အခုပြိုကျတဲ့ မင်းလှနယ်မြေမှာ လွင်ဂရုကုမ္ပဏီနဲ့ အင်ကြင်းတောင် ကုမ္ပဏီတို့က ကျောက်မီးသွေးတူးဖေါ်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ကနဦး အနေအထားအရ လူအသေအပျောက်ရှိမရှိ တိတိကျကျ မသိရသေးပါဘူး။

 

#voiceofmyanmar #ကျောက်မီးသွေးတွင်း #မကွေး #မင်းလှ #သရက်

Related posts

Leave a Comment

VOM News

FREE
VIEW