တရုတ်-မြန်မာ နယ်စပ်မှာကုန်စည်ပြပွဲ​တွေ ကျင်းပ​တော့မည်​မဟုတ်

မူဆယ်၊ သြဂုတ်​ ၃၀ – ၂၀၁၉

သူရိန်(VOM)

 

မြန်မာ့ကုန်ပစ္စည်း​တွေ ဈေးနှိမ်ဝယ်​ယူတာကို ကာကွယ်ဖို့အတွက် တရုတ်-မြန်မာ နယ်စပ်မြို့​တွေမှာ ကုန်​စည်​ပြပွဲတွေ လုပ်ဆောင်တော့မှာမဟုတ်ဘဲ လားရှိုးလို အတွင်းပိုင်းမြို့​တွေမှာ ပြောင်းရွှေ့လုပ်ဆောင်သွားမယ်​လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက သိရပါတယ်​။

 

“အရင်က နယ်စပ်ကုန်စည်ပြပွဲတွေ အကုန်လုံးက နယ်စပ်မှာ သွားလုပ်တယ်။ နယ်စပ်သွားလုပ်တော့ ကျနော်တို့ဘက်မှာ ဘာမှ မပြည့်စုံဘူး။ ကျနော်တို့ဘက်က လူတွေကလည်း ဟိုဘက်မှာ ထမင်းသွားစားတယ်၊ ဟိုဘက်မှာ အိပ်တယ်။ မနက်ကျမှ ကုန်စည်ပြပွဲလာတယ်။ ဟိုဘက်က တရုတ်ကလည်း မနက်ကျမှ ကုန်စည်ပြပွဲ ထလာတယ်ဆိုတော့ ကျနော်တို့နိုင်ငံအတွက် ဘာမှမကျန်ဘူး။”လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောပါတယ်။

 

ဒါကြောင့် နှစ်စဉ် အလှည့်ကျ ကျင်းပလာတဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲကို ဒီနှစ်မှာတော့ မူဆယ်မြို့အစား လားရှိုးမြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

ဒီလို မြန်မာနိုင်ငံအတွင်းပိုင်းမြို့မှာ ကျင်းပလိုက်ခြင်းအားဖြင့် မူဆယ်နယ်စပ်နဲ့ တရုတ်ပြည်က လူတွေဟာ လားရှိုးမှာ ညအိပ်၊ အစားစားကအစ ပစ္စည်းဝယ်ယူမှုတွေအတွက် ငွေကြေးသုံးစွဲကြမှာဖြစ်တာကြောင့် နိုင်ငံအတွက် အကျိုးအမြတ်ရလာမှာ ဖြစ်ပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် တစ်ဦးကတော့ “ကုန်​စည်​ပြပွဲ အလှည့်​ကျ လုပ်​တာဆို​ပေမယ့်​ သူတို့က ဟန်​ပြ​လောက်​ပဲ လာပြကြတာ။ သူတို့က​တော့ ကိုယ်​​တွေဘက်​ကို လာဝယ်​ဖို့ဆိုတာက သိပ်​မလွယ်​ဘူး။ ​စောင့်​​တော့ကြည့်​ရမှာ​ပေါ့၊ ထင်​သ​လောက်​​တော့မလွယ်​ ဘူး​။ နေရာ၊ သွားလာဖို့ကိစ္စ​တွေက​တော့ စဉ်းစားကြမယ်​ထင်​တယ်​။” လို့ ​ပြောပါတယ်​။

 

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာက မြန်မာတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲ​တွေ​ ဖြစ်ပေါ်နေစဲဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အဓိကကုန်သွယ်မှု ဆောင်ရွက်နေတဲ့ မူဆယ်နယ်စပ် ကုန် သွယ်ရေးဇုန်မှာလည်း ကုန်သွယ်မှု ပြတ်တောက်​နေတာ ဖြစ်ပါတယ်။

 

ဒီလိုအခြေအနေတွေဟာ ကုန်စည်ပြပွဲပြုလုပ်မယ့် နိုဝင်ဘာလအထိ ဆက်ရှိနေအုံးမယ်ဆိုရင်တော့ လုံခြုံရေးစိတ်ချရမှုရှိမရှိ မသိနိုင်လို့ တရုတ်ဘက်ကလည်း ပြပွဲမှာပါဝင်နိုင်မှု ရှိမရှိ တိတိကျကျ မပြောနိုင်သလို မြန်မာကုန်သည်တွေကိုယ်တိုင်ရော ဘယ်လောက်စိတ်ဝင်စားနိုင်မလဲဆိုတာ မပြောနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

 

#voiceofmyanmar #မူဆယ် #ကုန်စည်ပြပွဲ #

 

ဓါတ်ပုံ – စိုင်းကျော်

Related posts

Leave a Comment

VOM News

FREE
VIEW