တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်မှာ သရုပ်ဖေါ်တင်ဆက်လို့ တရားစွဲခံထားရသူနှစ်ဦး တနင်္လာနေ့မှာ အမိန့်ချမယ်

မြစ်ကြီးနား၊ သြဂုတ် ၃၁ – ၂၀၁၉

ဖြူဖြူ (VOM)

 

တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်အထိမ်းအမှတ်မှာ သရုပ်ဖေါ်တင်ဆက်ပြသလို့ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ကို လာမယ့် တနင်္လာနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးကနေ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ သိရပါတယ်။

 

“ကျမတို့ကတော့ ထောင်ချတာ၊ အရေးယူတာကို ဘယ်သူမှဂရုစိုက်မှာ မဟုတ်ဘူး။ ကျမတို့ကတော့ ကိုယ့်ရဲ့အခွင့်အရေးကို ဆက်လက်တောင်းဆိုသွားမှာပဲ။ အထိမ်းအမှတ်ပွဲဆိုတာက နှစ်တိုင်းလုပ်နေရမယ့် ပွဲဖြစ်တယ်။ အဲတော့ နောက်နှစ်လည်း လုပ်မှာပဲ။”လို့ တရားစွဲခံထားရတဲ့ မဆိုင်းနူးပန်က ပြောပါတယ်။

 

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး ဖြစ်ပေါ်လာခဲ့တဲ့ တပ်မတော်နဲ့ KIA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ် ရှိနေပြီး ပညာရေး၊ ကျန်းမာရေးအခက်အခဲ များစွာကြုံတွေ့နေတဲ့အတွက် ရှစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ စစ်ရှောင်တွေရဲ့ ဒုက္ခကို တေးသရုပ်ဖေါ်ပြလို့ ဦးဆောင်သူ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ နဲ့ မြစ်ကြီးနားမြို့နယ် အမှတ် ၁ ရဲစခန်းက ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

“ပြောချင်တာက အထိမ်းအမှတ်နေ့ လုပ်တာက ဆန္ဒဖေါ်ထုတ်တာ မဟုတ်ဘူး။ ပြီးတော့ ငြိမ်းစုစီနဲ့ မဆိုင်တဲ့ကိစ္စ။ ဒါကိုသူတို့က ငြိမ်းစုစီနဲ့ အရေးယူတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ ဒီဟာကို အရေးယူလို့ ရတယ်ဆိုရင် နောက်ပိုင်းကိစ္စတွေအားလုံးကလည်း အထိမ်းအမှတ်လုပ်တိုင်း ငြိမ်းစုစီနဲ့ ခွင့်ပြုချက်တင်ဆိုတာတွေ ဖြစ်လာမယ်။ ဒါက လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို လုံးဝဆန့်ကျင်တယ်။”လို့ မဆိုင်းနူးပန်တို့ရဲ့ရှေ့နေ ဦးမာခါးက ပြောပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ စစ်ရှောင်ပြည်သူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဆန္ဒပြတာမဟုတ်ဘဲ အထိမ်းအမှတ်ပွဲမှာ တေးသရုပ်ဖော်အဆင့်လုပ်ဆောင်တာကို အရေးယူတယ်ဆိုတာက ငြိမ်းချမ်းရေးမလိုချင်တာ ဘယ်သူလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်လို့လည်း မဆိုင်းနူးပန်က ဝေဖန်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်၊ မန္တလေးနဲ့ အနယ်နယ်အရပ်ရပ်မှာဆိုလည်း ကလေးသူငယ်နဲ့ဆိုင်တာ၊ LGBTနဲ့ဆိုင်တာ၊ လူ့အခွင့်အရေးနဲ့ဆိုင်တာ၊ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တာတွေကို အထိမ်းအမှတ်ပွဲ ကျင်းပရင် တေးသရုပ်ဖေါ်တာတွေ ပါဝင်ကြပြီး အဲဒီအတွက် ခွင့်ပြုမိန့်တောင်းခံတာတွေ မရှိဘဲ အခုလို စစ်ရှောင်ဒုက္ခသည်တွေအတွက် တေးသရုပ်ဖေါ်တာကို ငြိမ်းစုစီနဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့်ဘူးလို့ ဦးမာခါးက ပြောပါတယ်။

 

တနင်္လာနေ့မှာ ချမယ့်အမိန့်မှာ ထောင်ဒဏ်ချခဲ့ပါက “အယူခံကတော့ တက်မယ်၊ တစ်ဖက်ကလည်း ဒါက တစ်ဦးတစ်ယောက်ရဲ့ကိစ္စမဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့၊ စစ်ရှောင်ပြည်သူတစ်ရပ်လုံးနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် စစ်ရှောင်ပြည်သူတွေဘက်ကနေပြီးတော့ လှုပ်ရှားမှု တစ်ခုခုတော့ ထွက်လာဖို့ရှိပါတယ်။”လို့ မဆိုင်းနူးပန်က ဆိုပါတယ်။

 

 

#voiceofmyanmar #မြစ်ကြီးနား #ကချင် #တစ်ကျော့ပြန်စစ်ပွဲ #ငြိမ်းစုစီ

ဓါတ်ပုံ – Seng Nu Pan facebook

Related posts

Leave a Comment

VOM News

FREE
VIEW