အရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူကို အရေးယူဖို့ ရှမ်းမြောက် အရပ်ဖက် လူမှုအဖွဲ့အစည်း ၂၆ဖွဲ့က တောင်းဆို

စက်တင်ဘာ ၂၊ ၂၀၁၉

VOM

 

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က တောင်းဆိုလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား အနည်းဆုံး ၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာကြောင့်၊ အရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပြီး အပြစ်ပေးဖို့ တောင်းဆိုတယ်လို့ ဒီနေ့မှ HST-NSS အဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။

 

“နှစ်ဖက်တပ်ဖွဲ့တွေက ပြည်သူကို ကာကွယ်ပေးဖို့၊ တရားမျှတမှုရှိဖို့ ဆိုပြီး ဖွဲ့ထားကြတယ်။ ဒါပေမယ့် ကြားက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီးပစ်နေသလိုမျိုး၊ ထင်ရာမြင်ရာရမ်းပစ်နေသလို ဖြစ်တော့ ဒေသခံတွေ နစ်နာလွန်းလှပါပြီ။ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ၊ ကိုယ့်အိမ်ကိုယ့်ရွာကို ပစ်ပြေးရသူတွေဟာ စိတ်ဝေဒနာတွေ ခံစားနေကြရတယ်။ ဒီလိုလုပ်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရပ်သား တရားရုံးမှာ စစ်ဆေး အရေးယူပေးစေချင်ပါတယ်”လို့ HST-NSS ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ မဘောက်ခေါန် က VOM ကို ပြောပါတယ်။

 

ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကို ချွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ပေးဖို့၊ လူနေရပ်ကွက်တွေ၊ ရွာတွေကို ပစ်မှတ်ထားပစ်ခတ်မှုတွေ မလုပ်ပဲ ဥပဒေ၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုတွေကို လေးစားလိုက်နာဖို့ HST-NSS အဖွဲ့က တိုက်တွန်းပါတယ်။

 

ဒါ့အပြင် နှစ်ဖက်ပစ်ခတ်မှုတွေကြား ပျက်စီးသွားရတဲ့ ဒေသခံတွေရဲ့ အိုးအိမ်အဆောက်အဦတွေ၊ ထိခိုက်ဒဏ်ရာရရသူတွေအတွက် ထိုက်သင့်တဲ့ နစ်နာကြေးတွေကိုလည်း ပေးစေလိုတယ်လို့ NST-NSS အဖွဲ့က ဆိုပါတယ်။

 

“တိုက်ပွဲတွေကို အမြန်ဆုံး ရပ်စေချင်ပါတယ်။ မဟုတ်ရင် ဒေသခံတွေခမျာ ရွာထဲလည်း မနေရဲ၊ အပြင်ကိုထွက်ဖို့ကလည်း မထွက်ရဲနဲ့ စိတ္တဇတွေဖြစ်ပြီး တဖက်မှာလည်း စားဝတ်နေရေးအတွက် ခက်ခဲလာနေရပါတယ်။ နှစ်ဖက်လုံးက တပ်ဖွဲ့တွေအနေနဲ့ ဒေသခံတွေအတွက် အစစ အရာရာ ထည့်တွက်ပေးစေချင်ပါတယ်။ ဒေသခံတွေ ထိခိုက်နစ်နာရတာတွေ များလွန်းနေပါပြီ”လို့ မဘောက်ခေါန်က ပြောပါတယ်။

 

NST-NSS အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ တအာင်း အမျိုးသမီး အဖွဲ့အစည်း၊ တအာင်းလူငယ်အဖွဲ့အစည်း၊ ရှမ်းလူငယ်ကွန်ယက်၊ ကချင်လူငယ်အဖွဲ့အစည်း၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ဗြဟ္မစိုရ် နှလုံးသား လူမှုကူညီရေးအသင်း (ကွတ်ခိုင်) စတဲ့ အဖွဲ့ ၂၆နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

 

လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကွတ်ခိုင်မြို့ဝန်းကျင်က ရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်တာကြောင့် အရပ်သားတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ် မော်ဟစ်ရွာထဲကို လက်နက်ကြီး ကျရောက်တာကြောင့် လေးလအရွယ် ကလေးငယ်တဦးနဲ့ ကျောင်းနေအရွယ် ကလေး ၂ နှစ်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ရပါတယ်။

 

#voiceofmyanmar  #ရှမ်းမြောက်အရပ်ဖက်လူမှုအဖွဲ့အစည်း #အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW