သဘာဝဘေးသင့် ပျက်စီးသီးနှံစာရင်း တောင်သူများသိဖို့ ကြေညာရမည်

မုံရွာ။ စက်တင်ဘာ ၃၊ ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

 

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေက တာဝန်ရှိသူတွေဟာ မိမိတို့ မြို့နယ် အတွင်းမှာ သဘာဝဘေးကြောင့် သီးနှံပျက်စီးမှုတွေ ပေါ်ပေါက်လာမယ်ဆိုရင် အမှန်တကယ် ပျက်စီးဆုံးရှုံးမှုစာရင်းကို တောင်သူတွေသိအောင် ထုတ်ပြန်ပေးရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာန စစ်ကိုင်းတိုင်း တိုင်းဦးစီးမှူးရုံးကနေ ဒီကနေ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

သဘာဝဘေးဒဏ်ကြောင့် သီးနှံတွေ ပျက်စီးတဲ့အခါ၊ အမှန်တကယ် ဆိုးဆိုးရွားရွားထိခိုက်ပြီး စိုက်ပျိုးဆောင်ရွက်ရန် မဖြစ်နိုင်တော့တဲ့ အခြေအနေ၊ အကျိုးအမြတ် မရနိုင်တော့ဘဲ အရင်းအနှီးများ ပျက်စီးမယ့် အခြေအနေ အထိ ဖြစ်ပေါ်ပြီဆိုရင် ပျက်စီးဧက စာရင်းကို သဘာဝဘေးဒဏ်ခံရတဲ့ ကျေးရွာ/ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးရုံးမှာ စာကပ်ကြေညာတာ၊ အသံချဲ့စက်နဲ့ အသိပေးတာတွေ လုပ်ဖို့ ထုတ်ပြန်တာဖြစ်ပါတယ်။

 

“စစ်ကိုင်းတိုင်း အတွင်းမှာ အရင်နှစ်တွေက ရေကြီးနစ်မြုပ်တာတွေ ရှိတယ်။ နောက် မိုးများလို့ သီးနှံပျက်စီးတာတွေ ရှိတယ်။ အဲ့လို ဖြစ်တော့ သီးနှံရဲ့ သဘောသဘာဝက နွေစပါး ရှိတယ် မိုးစပါး ရှိတယ် ဆောင်းသီးနှံရှိတယ် မိုးသီးနှံရှိတယ် နွေသီးနှံ ရှိတယ်။ အဲ့လို ကွဲပြားတဲ့ အပေါ်မှာ သီးနှံ အမျိုးအစားလိုက်ကော နောက်ပြီးတော့ သီးနှံရဲ့ စိုက်ပျိုးချိန် ရာသီကို လိုက်ပြီးတော့ရော သီးနှံကို နိုင်ငံတော်က ထောက်ပံ့ကြေးပေးတဲ့ နှုန်းတို့ ပမာဏတို့ကလည်း ကွာခြားမှု ရှိတယ်။ အဲ့ဒီတော့ သဘာဝဘေးအန္တရာယ်ဖြစ်လို့ အစိုးရက ထောက်ပံ့ကြေးပေးတဲ့ အခါမှာ သူမရဘူး ငါမရဘူး ငါနည်းတယ် သူက များတယ် မဖြစ်အောင် စာရင်းတွေကို တောင်သူတွေ သိအောင် မြေတည်ရာ အုပ်ချုပ်ရေးရုံးတွေမှာ ကြေညာပေးဖို့ ဆိုပြီး ညွန်ကြားထားတာ ဖြစ်ပါတယ်” လို့   စစ်ကိုင်းတိုင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောပါတယ်။

 

ညွန်ကြားချက်ထဲမှာ စိုက်ပျိုးရေး ပညာရှင်တွေဖြစ်တဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေဟာ သီးနှံပျက်စီးမှုကိုသာမက၊ ပျက်စီးမှု အတိုင်းအတာတွက်ချက်ပေးခြင်းနဲ့ ပြန်လည်ကုစားဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း၊ ကာယကံရှင်တောင်သူတွေကို စိုက်ပျိုးရာသီစက်ဝန်းကာလနဲ့ တွက်ချက်ရှင်းလင်းပြပြီး ပြန်လည်စိုက်ပျိုးနိုင်ရေး၊ အစားထိုး သီးနှံစိုက်ပျိုးနိုင်ရေးကို ဆွေးနွေးအားပေးဖို့တွေ ပါရှိပါတယ်။

 

ဒါ့အပြင် ပြန်လည်ထူထောင်စိုက်ပျိုးရေးကို ဦးစားပေးဖို့၊ အမှန်တကယ် ဆိုးဆိုးရွားရွားထိခိုက်ပြီး  စိုက်ပျိုးဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ အကျိုးအမြတ် မရနိုင်ဘဲ အရင်းအနှီးများ ပျက်စီးမည့် အခြေအနေထိ သဘာဝဘေးသင့်ခဲ့မယ်ဆိုရင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ဖွဲ့စည်းပေးထားတဲ့ ကွင်းဆင်းအဖွဲ့နဲ့ တိတိကျကျ စာရင်းကောက်ရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW