တောင်ကိုရီးယား သမ္မတခရီးစဉ်အတွင်း MOU ၅ ခု လက်မှတ်ထိုး

နေပြည်တော်၊ စက်တင်ဘာ ၃၊ ၂၀၁၉

ကိုထွန်း (VOM)

 

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံ သမ္မတ H.E.Mr.Moon Jae In နဲ့အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ကိုးရီးယား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မယ့် နားလည်မှု စာချွန်လွှာ ၅ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

တောင်ကိုရီးယားသမ္မတ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့မှောက်မှာ လုပ်တဲ့သဘောတူလက်မှတ်ရေးထိုးပွဲမှာ

 

  • ၂၀၁၈မှ၂၀၂၀အထိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ချေးငွေဆိုင်ရာ သဘောတူညီချက်၊
  • ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံ၌ ကိုးရီးယားနိုင်ငံတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
  • သင်္ဘောလိုင်း သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးနယ်မြေများတွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊
  • သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ထွန်းသစ်စလုပ်ငန်းများနှင့် တီထွင်ဆန်းသစ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ၊
  • တောင်ကိုးရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့် ကားအစီးခြောက်ဆယ်အား ပညာရေးဝန်ကြီးဌာနသို့ပေးအပ်ခြင်း

စတာတွေကို သက်ဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးများ၊ တာဝန်ရှိအကြီးအကဲများက MOU စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

 

တောင်ကိုရီးယား သမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၉ခုနှစ် စက်တင်ဘာလ၃ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တောင်ကိုရီးယားသမ္မတနိုင်ငံသမ္မတ H.E.Mr.Moon Jae In ကို သမ္မတအိမ်တော် ရှေ့မျက်နှာစာမှာ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ တောင်ကိုရီးယားသမ္မတနိုင်ငံသမ္မတ H.E.Mr.Moon Jae In နဲ့ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဟာ သမ္မတအိမ်တော်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။

 

ဒီအခမ်းအနားမှာ မြန်မာနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

တောင်ကိုးရီးယားနိုင်ငံဘက်မှ တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E.Kang Kyung Wha မြေယာ အခြေခံအဆောက်အအုံနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး H.E.Kim.Hyun Mee ကုန်သွယ်ရေးစက်ရုံနဲ့စွမ်းအင် ဝန်ကြီးဌာနမှ ကုန်သွယ်ရေးဝန်ကြီး H.E.Yoo Myung Hee အာဆီယံနိုင်ငံများဆိုင်ရာ တောင်ကိုးရီးယားနိုင်ငံ သံအမတ်ကြီး Mr.Lim Sung Nam မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားနိုင်ငံသံအမတ်ကြီး Mr.Lee Sang Hwa နဲ့ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

 

တောင်ကိုရီးယား သမ္မတဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။

 

တောင်ကိုးရီးယားသမ္မနိုင်ငံ သမ္မတမွန်ဂျေအင်းဟာ မနက်ဖြန် စက်တင်ဘာ ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW