ဟောင်ကောင် တရားခံလွှဲပြောင်းရေးဥပဒေကြမ်း တရားဝင်ရုပ်သိမ်းဖွယ်ရှိ

ဟောင်ကောင်၊ စက်တင်ဘာ-၄-၂၀၁၉

မျိုးဆက် (VOM)

 

ဟောင်ကောင်မှာ သုံးလကြာဆန္ဒပြမှုတွေဖြစ်ပေါ်စေခဲ့တဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို တရားဝင်ရုပ်သိမ်းတော့မှာဖြစ်ပြီး စက်တင်ဘာ ၄ ရက်နှောင်းပိုင်းမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက ကြေညာဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုကားပြီး South China Morning Post မှာဖော်ပြထားပါတယ်။

 

ဒီဥပဒေကြမ်းကို ရုပ်သိမ်းမယ့်ကိစ္စဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အခြားဒေသတွင်း သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို ချက်ချင်းမှတ်ချက် ပေးတာမရှိသေးပါဘူး။

 

ဟောင်ကောင်ပြည်သူတွေကို တရုတ်ပြည်မကြီးမှာ တရားရင်ဆိုင်စီရင်ခွင့်ပြုထားတဲ့ အဲဒီဥပဒေကြမ်း ရုပ်သိမ်းရေးဟာ ဟောင်ကောင်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေထဲက အဓိကအချက်တစ်ခုဖြစ်ပါတယ်။ လက်ရှိဆန္ဒပြမှုတွေကြောင့် ဗြိတိသျှကိုလိုနီအဖြစ်ကနေ တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းခဲ့တဲ့  ဟောင်ကောင်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ရာထူးကနေ နှုတ်ထွက်ဖို့အတွက် တရုတ်အစိုးရဆီကို တင်ပြခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စကို မဆွေးနွေးခဲ့ကြောင်းနဲ့ ဟောင်ကောင်အရေးကို တရုတ်အစိုးရ အကူအညီမပါဘဲ ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ မစ္စကာရီလမ်းက ပြောပါတယ်။

 

တရုတ်အစိုးရကလည်း ဟောင်ကောင်အရေးမှာ ၀င်ရောက်စွက်ဖက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့် မငြိမ်မသက်မှုတွေ ဖြစ်လာမယ်ဆိုရင် လက်ပိုက်ကြည့်မနေဘူးလို့

သတိပေးထားပါတယ်။

 

Ref : Reuters/CNA

Photo : Reuters

 

 

#voiceofmyanmar #ဟောင်ကောင် #တရုတ်

Related posts

Leave a Comment

VOM News

FREE
VIEW