ဝေါမြို့မှာ NLD နဲ့ USDP ပါတီဝန်းရံသူချင်း ခိုက်ရန်ဖြစ်ပွား၊ ဝန်းရံသူ ၁၁ ဦးကို ဖမ်းဆီးအမှုဖွင့်ထား

ဝေါမြို့မှာ NLD နဲ့ USDP ပါတီဝန်းရံသူချင်း ခိုက်ရန်ဖြစ်ပွား၊ ဝန်းရံသူ ၁၁ ဦးကို ဖမ်းဆီးအမှုဖွင့်ထား

အောက်တိုဘာ ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက် ၁၃ လမ်းမှာ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး USDP ပါတီဝန်းရံသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ အပြန်အလှန် အမှုဖွင့်လှစ်ထားတဲ့အပြင် ရဲတပ်ဖွဲ့က ဝန်းရံသူ ၁၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါတယ်။

” နှစ်ဖက် အားပေးသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြတာပါ။ ဖြစ်သူနှစ်ဦးကလည်း တူဝရီးတော်စပ်ကြပြီး လက်ရှိနှစ်ဖက်စလုံးက ၁၁ ယောက်ကို ဖမ်းဆီးထားတယ်။ အမှုဖွင့်တာအပြန်အလှန်ပါ”လို့ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲမောင်မောင်မြင့်ကပြောပါတယ်။

ကန်တော်ရပ်ကွက်၊ အမှတ် ၁၃လမ်းရှိ USDP အလံထောင်ထားတဲ့ နေအိမ်တစ်အိမ်ရှေ့မှာ NLD ပါတီဝန်းရံအားပေးသူတစ်ဦးက ပါတီအလံကို ခန္ဓာကိုယ်မှာပတ်ကာ လမ်းထဲကို ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး သွားလာကြရာကနေ နေအိမ်လမ်းထဲနေသူအချို့နဲ့ စတင်စကားများခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်ပါတီကို ဝန်းရံသူအချင်းချင်း အုပ်စုလိုက်ထိုးကြိတ်ရိုက်နှက်ခဲ့ကြတဲ့အတွက် နစ်နာသူတွေအချင်းချင်း အပြန်အလှန်အမှုဖွင့်တိုင်ကြားခဲ့ကြတာ ဖြစ်တယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါတယ်။

” အဲ့ဒီလမ်းထဲမှာ ပါတီနှစ်ခုလုံး ထောက်ခံသူတစ်ဝက်စီလောက်ရှိတယ်။ အခင်းjဖစ်နေ့က ‌ကျွန်တော်တို့ပါတီဝန်းရံသူ နေအိမ်ရှေ့တစ်ဖက် ပါတီအလံပတ်ပြီး နေအိမ်ရှေ့သီချင်းဆို ကခုန်နေကြတာ၊ နေအိမ်ရှင်နဲ့စကားများရာကစပြီး နှစ်ဖက်ဝန်းရံသူတွေ ဖြစ်ကုန်တဲ့အနေအထားမျိုးပါ”လို့ ဝေါမြို့နယ် USDPပါတီ အတွင်းရေးမှူး ဦးသက်တိုးဝင်းကပြောပါတယ်။ ‌

ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်၊ အမှတ် ၁၃ လမ်းမှာ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ကိစ္စဟာ တူနဲ့ဦးလေးဖြစ်သူတို့ စကားများရန်ဖြစ်ရာက စတင်တာဖြစ်တယ်လို့ ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဝေါမြို့မရဲစခန်းမှာ အမျိုးသား၊အမျိုးသမီး ၁၁ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၉၄/၃၂၃/၅၀၆/၃၅၄/၁၁၄ တို့နဲ့ ဖမ်းဆီးအမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Photo – ဦးမျိုး
#voiceofmyanmar #VOM #ဝေါမြို့ #ပါတီဝန်းရံသူ #ခိုက်ရန်ဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW