ကိုဗစ်ရောဂါကြောင့် ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၇ နေရာကို စာရင်းကနေပယ်ဖျက်ပေးဖို့ ပြည်နယ်လွှတ်တော်က တောင်းဆို

ကိုဗစ်ရောဂါကြောင့် ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၇ နေရာကို စာရင်းကနေပယ်ဖျက်ပေးဖို့ ပြည်နယ်လွှတ်တော်က တောင်းဆို

အောက်တိုဘာ ၁၅-၂၀၂၀
သိင်္ဂီ(VOM)

ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၇ နေရာကို မဲဆန္ဒနယ် စာရင်းကနေ ပယ်ဖျက်ရုပ်သိမ်းပေးဖို့ ပြည်နယ်လွှတ်တော်က တောင်းဆိုထားတယ်လို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)နဲ့ ကရင်ပြည်နယ်လွှတ်တော် လှိုင်းဘွဲ့မဲဆန္ဒနယ် အမှတ် ၂ ရှိတဲ့ မဲဆန္ဒနယ်မြေအချို့မှာ ကိုဗစ်ရောဂါကြောင့် အချို့ရွာတွေမှာ ဝင်ရောက်ဖို့ ပိတ်ဆို့ခံရပြီး ကွင်းဆင်းစည်းရုံးဖို့ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခြင်း စတဲ့အခြေအနေတွေကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ တင်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကာလအတိုင်း မဲဆန္ဒနယ်မြေကို ပယ်ဖျက်ရုပ်သိမ်းပေးဖို့ ပြည်နယ်လွှတ်တော်က အောက်တိုဘာ ၁၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ပယ်ဖျက်ပေးဖို့တောင်းဆိုတဲ့ မဲဆန္ဒနယ်မြေတွေကိစ္စနဲ့ပတ်သက်ပြီး ခရိုင်အဆင့်က စိစစ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိအခြေအနေ ပြောရရင် စိစစ်ဆဲပါ ၊ အတိအကျပြောလို့မရသေးပါဘူးခင်ဗျ၊။ မဲစာရင်းတွေလည်း ရထားပြီးသားပါ။ အဲ့ဒါကိုမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးက ဒီနေရာတွေကို မဲဆန္ဒနယ်စာရင်းကနေပယ်ဖျက်ပေးဖို့ တောင်းဆိုထားတာကြောင့် လက်ရှိမှာ စိစစ်နေဆဲ ဖြစ်ပါတယ်”လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်မောင်နိုင်ကပြောပါတယ်။

လှိုင်းဘွဲ့မြို့ရဲ့၊ မဲဆန္ဒနယ်စာရင်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတဲ့ နေရာတွေကတော့ ရေတံခွန်ကျေးရွာအုပ်စု၊ ကလယ်ကျေးရွာအုပ်စု၊ ဝင်းစောကျေးရွာအုပ်စု ၊ မဲလရောကျေးရွာအုပ်စု၊ သမိုကျေးရွာအုပ်စု၊ မိကြောင်းကျေးရွာအုပ်စု ၊ ရင်းဘိုင်းကျေးရွာအုပ်စုတွေဖြစ်တယ်လို့ သိရပါတယ်။

မဲဆန္ဒနယ်မြေ ၇ ခုကို စာရင်းကနေပယ်ဖျက်ပေးဖို့ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တောင်းဆိုထားခြင်းဖြစ်တယ်လို့ သိရတဲ့အတွက် ကရင်ပြည်နယ်လွှတ်တော်ကို ဖုန်းနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်မှုမရရှိခဲ့ပါဘူး။

အဲ့ဒီ မဲဆန္ဒနယ် ၇ ခုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတုန်းကလည်း မဲဆန္ဒနယ်အဖြစ် မကျင်းပနိုင်ခဲ့တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

Photo – Original Uploader
#voiceofmyanmar #VOM #ကရင် #မဲဆန္ဒနယ်၇နေရာ #ဖျက်သိမ်းဖို့တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW