NLD အလံ ဝှေ့ယမ်းရာ ဓာတ်ကြိုးနဲ့ရိုက်မိပြီး ဓါတ်လိုက်သေဆုံး

NLD အလံ ဝှေ့ယမ်းရာ ဓာတ်ကြိုးနဲ့ရိုက်မိပြီး ဓါတ်လိုက်သေဆုံး
အောက်တိုဘာ ၁၆ -၂၀၂၀
မောင်တာရာ (VOM)
စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်မှာ NLD အောင်နိုင်ရေး လှည့်လည်ပြီးပြန်လာချိန် ကားပေါ်ကနေ NLD အလံဝှေယမ်းရာ ဓာတ်ကြိုးနဲ့ရိုက်မိပြီး ဓါတ်လိုက်သေဆုံးမှု ဒီကနေ့ နေလယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူဟာ မြင်းမူမြို့၊ကျန်စစ်သားရပ်နေသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တရပ်ကွက်တည်းနေသူမောင်းတဲ့ ခြောက်ဘီးအဖြူရောင်ယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။
NLD အောင်နိုင်ရေး လှည့်လည်ပြီးအပြန် မြင်းမူမြို့၊ကျန်စစ်သား ရပ်ကွက် ဘောလုံးကွင်းတောင်ဘက်လမ်းအတိုင်းမောင်းလာပြီး ဇေယျာလမ်းထိပ်အရောက် ကားကိုရပ်ပေးချိန် ကားပေါ်ပါလာတဲ့လူတွေ ဆင်းပြီးနောက်ပိုင်း တစ်ယောက်တည်း ကျန်နေတဲ့အချိန် အရှည် ၉ ပေခန့်၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ NLD အလံ ချည်ထားတဲ့ စတီးအလံတိုင်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ကနေ အမြင့် ပေ ၂၀ ခန့်ရှိ ဓါတ်ကြိုးကိုရိုက်မိကာ ကားပေါ်မှာပဲ လဲကျသေဆုံးခဲ့တာဖြစ်တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။
“သူက အောင်နိုင်ရေးလှည့်လည်စဉ် လမ်းတစ်လျှောက် ကားပေါ်မှာ အဲ့ဒီအလံကို ကိုင်ဆောင်ထားတယ်လို့ သူနဲ့ အတူပါလာတဲ့ သူတွေကပြောတယ်။ အောင်နိုင်ရေးလှည့်လည်ပြီး အပြန် အားလုံးလည်း ကားပေါ်ကဆင်းပြီသွားတဲ့အချိန်မှာ သူက ကားပေါ်ကနေ အလံကို ဝှေ့ယမ်းလိုက်တော့ အပေါ်က ဓါတ်ကြိုးနဲ့ထိပြီး ဓါတ်လိုက်သေဆုံးသွားတယ် ”လို့ မြင်းမူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူ အသက်၂၂ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံက တာဝန်ကျဆရာဝန်တွေ ရင်ခွဲစစ်ဆေးရာမှာတော့ သေဆုံးသူရဲ့ လက်နှစ်ဖက်ကနေ လျှပ်စီးဝင်ပြီး နှလုံးကိုဖြတ်ကာ ဝဲဘက်ခြေမအဆစ်မှ လျှပ်စီးဖောက်ထွက် သေဆုံးခဲ့တာဖြစ်တယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ မြင်းမူမြို့မ ရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW