ပြည်ခိုင်ဖြိုး နဲ့ NLD ပါတီ အောင်နိုင်ရေး ယာဉ်တန်း ပွတ်တိုက်မှုဖြစ်ပွားရာကနေ ပဋိပက္ခဖြစ်ပွားခဲ့

အောက်တိုဘာ ၂၃-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအထွက် ကာဘိုးဆည် – မူးလမ်းဆုံအနီးမှာ မနေ့ အောက်တိုဘာ ၂၂ရက် ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ ယာဉ်တန်းနဲ့ NLD ပါတီ ဝန်းရံထောက်ခံသူ ယာဉ်တန်းနှစ်ခု ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဆိုင်ကယ်လက်ကိုင်ချိတ်မိရာကနေ နှစ်ဘက် ပါတီဝန်းရံသူတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ကာဘိုးဒေသခံတွေဆီကနေ သိရပါတယ်။

ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူအင်အား ၁၈၀၀ ကျော်ဟာ ကား အစီး ၇ဝ၊ ဆိုင်ကယ် အစီး ၁၅၀ ကျော်နဲ့ ထန်းကုန်း – ကာဘိုး တန့်ဆည်လမ်းအတိုင်း ပါတီအောင်နိုင်ရေး မဲဆွယ်ယာဉ်တန်းနဲ့ လှည့်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ယာဉ်တန်းဟာ ကာဘိုး- မူးတံတားလမ်းဆုံ နေရာအရောက်မှာ ကာဘိုးကျေးရွာက NLD ပါတီ ဝန်းရံသူ အင်အား ၁၅၀ ယာဉ်တန်းနဲ့ တွေ့ဆုံပြီး ပါတီ ဝန်းရံသူ နှစ်ဘက်အကြား ဆိုင်ကယ်ချင်း လက်ကိုင်ချိတ်မိရာကနေ ပါတီ နှစ်ခုအကြား ဝန်းရံထောက်ခံသူ အချင်းချင်း ပွတ်တိုက်မှု စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီ ပါတီယာဉ်တန်းတွေ နှစ်ဘက်ပွတ်တိုက်မှုဖြစ်တဲ့နေရာကို ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အောင်ဆန်းမြင့်ဦးစီးတဲ့ လုံခြုံရေးအဖွဲ့တွေ ရောက်ရှိနေပြီး နှစ်ဘက် အသေးစိပ် စီစစ်မှုတွေလုပ်နေပါတယ် ၊ ရွာရဲ့တည်ငြိမ်အေးချမ်းမှုကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အဲ့ဒီပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့လို့ ကာဘိုးကျေးရွာက NLD ပါတီ ဝန်းရံထောက်ခံသူ ဦးသန်းထွန်းအောင် နေအိမ်နဲ့ ဦးကျော်ကျော်နိုင်ရဲ့နေအိမ်တွေမှာ တုတ်နဲ့ပစ် ခဲနဲ့ထုခံရတာကြောင့် နေအိမ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

” ပါတီယာဉ်တန်း နှစ်ဘက် ပွတ်တိုက်မှုတွေဖြစ်တာနဲ့ ဒုရဲအုပ် မျိုးသိမ့်ဦးနဲ့အဖွဲ့က ချက်ချင်းသွားရောက်ပြီး ဖျန်ဖြေကူညီပေးခဲ့တယ် ၊ ဆိုင်ကယ် ၆ စီးပျက်စီးပြီး နေအိမ် ၂ လုံး ခဲထုခံရလို့ မှန်တံခါးတွေ ကွဲတယ် ၊ NLD ပါတီဝန်းရံထောက်ခံသူ ကိုမျိုးဝင်းစိုး ယာဘက်ဂျိုးစောင်း ဦးခေါင်းပေါက်ပြဲဒဏ်ရာရတယ် ” လို့ ဇီးကုန် နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုတဲ့ဲရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အင်အားကြီးပါတီ နှစ်ဘက်အကြား အလားတူ ပွတ်တိုက်မှုမျိုးတွေ ဆက်မဖြစ်ဖို့အတွက် ဇီးကုန်းနယ်မြေရဲစခန်းမှာ လုံခြုံရေး အင်အားတိုးမြှင့်ချထားပြီး နယ်မြေအတွင်း အများပြည်သူ အထိတ်တလန့် မဖြစ်စေဖို့ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီ ပါတီနှစ်ခုအကြား ဖြစ်ပွားခဲ့တဲ့ ပွတ်တိုက်မှုနဲ့ ပတ်သက်လို့ ပါတီ နှစ်ဘက်ရဲ့ အမြင်သဘောထားတွေ သီးခြားရရှိနိုင်ဖို့ VOMက ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo-ကာဘိုး ကိုညို
#voiceofmyanmar #VOM #ကန့်ဘလူ #ပါတီ၂ခုကြား #ပဋိပက္ခဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW