ဦးကျော်မြင့်ကို လဝက အက်ဥပဒေပုဒ်မနဲ့ပါ ထပ်မံတရားစွဲထား

အောက်တိုဘာ ၂၃-၂၀၂၀
ညီသစ်(VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ထောင်ပြေးမှုပုဒ်မ-၂၂၄နဲ့ ရုံးထုတ်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ရုံးထုတ်စစ်ဆေးရာမှာတော့ ဦးကျော်မြင့်ကို ၁၉၄၇ခုနှစ် လူဝန်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေပုဒ်မ-၁၃(၁)နဲ့ပါ ထပ်မံတရားစွဲထားတယ်လို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းကပြောပါတယ်။

” အဲ့ဒီအမှုအပြင်ကို ဒီနေ့ ဦးကျော်မြင့်အပေါ်ကို နောက်ထပ်တစ်မှုဆွဲတင်ပါတယ်။ အဲ့ဒါကတော့ ၁၉၄၇ လူဝန်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)ကိုပါထည့်သွင်းပြီး အမှတ်၈ ရဲစခန်းမှုး ဒု-ရဲမှုး အောင်အောင်မင်းက တရားခံဦးကျော်မြင့်အပေါ် ဆွဲတင်လာပါတယ်။ ဆွဲတင်လာတဲ့အပေါ်မှာ ရာဇဝတ်ကြီး အမှု့အမှတ် ၈၃၇/၂၀၂၀ နဲ့ လက်ခံလိုက်ပါတယ်”လို့ ဦးကျော်မျိုးဝင်းကပြောပါတယ်။

ဒီကနေ့ရုံးထုတ်စစ်ဆေးရာမှာတော ဦးကျော်မြင့်ဘက်ကနေ ခံပြသက်သေ ၆ ဦးတင်ပြထားပြီး အဲ့ဒီ ၆ ဦးဟာ ဒီကနေ့ရုံးချိန်းကို ခေါ်လိုက်နိုင်ခြင်းမရှိတဲ့အတွက် အောက်တိုဘာ၂၆ ရက်ကို ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပါတယ်။

” ဒီနေ့မှာ တရားခံဘက်က ရှေ့နေ နှစ်ယောက် ပါဝါတင်ပါတယ်၊ တင်ပြီးတော့ လာမယ့် ရုံးချိန်းမှာမှ အမှုစစ်ဆေးပေးဖို့တောင်းဆိုတဲ့အတွက် ရုံးချိန်းကို ၂၆.၁၀.၂၀၂၀ ကို ရွှေ့ပြောင်းချိန်းဆိုလိုက်ပါတယ်။ လဝကနဲ့ဆွဲဆိုတဲ့ အကြောင်းအရင်းကတော့ အဓိကက တိုင်စာမှာပါတဲ့ အကြောင်းအရာကတော့ သူထောင်ကထွက်ပြေးသွားတယ်၊ တခြားနိုင်ငံတွေကို ခွင့်ပြုချက်မရှိဘဲထွက်သွားတယ်၊ နောက် ပြန်ဝင်လာတယ်၊ ပြန်ဝင်လာတဲ့နေရာမှာ ခွင့်ပြုချက်မရှိပြန်ဝင်လာတယ်၊ ဒီအကြောင်းအရာပေါ်မူတည်ပြီးတော့ ၁၉၄၇ လူဝန်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) အရတရားစွဲဆိုထားတာဖြစ်ပါတယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိူးဝင်းက ပြောပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန္နဝါရီ ၁၉ရက်နေ့က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ရုံးချိန်းမှာလည်း ဦးကျော်မြင့်ဟာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားတာ ဖြစ်ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပေဒ ပုဒ္မ၁၂၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ၂၇အရ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၇ရက်နေ့ ညပိုင်းက ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဦးကျော်မြင့်

 

Related posts

Leave a Comment

VOM News

FREE
VIEW