ကျောက်တော်မြို့ပေါ် မှာ စစ်ဘေးရှောင်တွေထပ်တိုးပြီး စားဝတ်နေရေး အကူအညီတွေလိုအပ်နေ

အောက်တိုဘာ ၂၄-၂၀၂၀
ထက်အောင်စိုင်း (VOM)

ကျောက်တော်မြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ (၄၀၀)ခန့် ထပ်တိုးလာပြီး အဲ့ဒီစစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေး အခက်အခဲတွေရှိနေတဲ့အပြင် အရင်က စစ်ဘေးရှောင်တွေဟာလည်း စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင် (၁) သောင်းကျော်လောက်ရှိကြောင်းနဲ့ အရင်က မြို့ပေါ်ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်သူတွေဟာလည်း စားဝတ်နေရေးအခက်အခဲတွေကြောင့် စစ်ဘေးရှောင်စခန်း(IDP Camp)တွေကို လာရောက်ခိုလှုံခွင့် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ ဆန္ဒရှိနေပြီး တချို့ဒေသခံတွေဟာ ဒေသတည်ငြိမ်မှုရှိတဲ့အခါ မိမိတို့ရွာကို ပြန်သွားတာတွေရှိပေမယ့် ကျေးရွာတွင်းမှာ ပစ်ခတ်သံတွေကြားရတဲ့အခါမှာတော့ ပြန်လည်ထွက်ပြေးရတာတွေလည်းရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီသူတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်း ပြီးခဲ့တဲ့လက တောင်ပေါက်နဲ့ ဘုရားပေါင်း ကျေးရွာနှစ်ခုမီးရှို့ခံရပြီးနောက် အဲဒီကျေးရွာတွေက ဒေသခံ (၄၀၀) လောက်ဟာ ပထမမှာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုံခဲ့ရကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကျောက်တော်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိလာကြကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဦးမောင်ထွန်းခိုင်က ပြောပါတယ်။

” ကျောက်တော်မှာ စစ်ဘေးရှောင်တွေကတော့ သိတဲ့အတိုင်းပဲလေ။ စားရေးသောက်ရေးအခက်အခဲ၊ အဆင်မပြေမှုတွေရှိတာပေါ့။ အခုကတော့ ဘေးစီမံကပေးတဲ့ဆန်တွေကို ဝေငှပေးနေရတယ်။ ပြီးတော့ ဟိုက၊ ဒီက အလှူတွေခံပြီး ဆန်၊ ဆီ၊ ဆားတွေနဲ့ ငရုတ်တွေကို အဆင်ပြေသလိုပေးပြီးတော့ စားရေးသောက်ရေး၊ နေထိုင်ရေးတွေကို ဖြေရှင်းနေရတယ်။ စစ်ဘေးရှောင်တွေလည်း ထပ်တိုးတာရှိတယ်” လို့ ကျောက်တော်မြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးမောင်ထွန်းခိုင်က ပြောပါတယ်။

ကျောက်တော်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်းပေါင်း (၇) ခုရှိပြီး အဲ့ဒီစခန်းတွေကတော့ ရှမ်းရွာရပ်ကွက်က အထကကျောင်း၊ နေပူခံစစ်ရှောင်စခန်း၊ သာသနာ့ဗိမာန်စစ်ရှောင်စခန်း၊ မြို့မ အ.ထ.က(၂) ၊ အ.ထ.က(၁)၊ ပိုက်သည်ရပ်ကွက်က မူလတန်လွန်ကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းနဲ့ မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်းတို့ဖြစ်ကြပြီး အဲ့ဒီအထဲမှာ နေပူခံစစ်ဘေးရှောင်စခန်းတစ်ခုတည်းသာ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ စစ်ရှောင်စခန်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဒုက္ခသည်စခန်းတွေမှာ ကလေး၊ လူကြီး အပါအဝင် ကိုဝန်ဆောင်အမျိုးသမီးတွေရဲ့ နေထိုင်ရေးတွေဟာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းဝင်းကို အခုလိုကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ရာမှာတော့” စစ်ဘေးရှောင်တွေကိစ္စကတော့ ကျေးရွာတွေကို ဝင်ပြီး ဖမ်းတာဆီးတာတွေရှိတယ်၊ စစ်ကြောင်းတွေဝင်လာရင် ထွက်ပြေးကြတာတွေရှိတယ်။ ရွာမှာ လူတွေကိုစုပြီး စစ်တာဆေးတာတွေရှိတယ်။ ပြီးတော့ မြို့ပေါ်စစ်ဘေးရှောင်စခန်းတွေကို ရောက်လာတယ်။ တည်ငြိမ်သွားရင် ပြန်သွားတယ်။ အဲ့ဒီလိုဖြစ်နေတယ်။ စက်တင်ဘာလ ၃ ရက်နေ့က ဖြစ်စဉ်တွေမှာဆိုရင် ရွာပေါင်း (၈) ရွာလောက်က ဒေသခံတွေထွက်ပြေးကြတယ်။ ရွာနှစ်ရွာမီးလောင်တယ်။ အနီအနားမှာရှိတဲ့ ရွာတွေကလည်း ထွက်ပြေးကြတယ်။ အဲ့ဒီလိုမျိုး အုံလိုက်ကျင်းလိုက် ထွက်ပြေးရတာတွေရှိနေတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့နဲ့ နိုင်ငံရေးလုပ်တဲ့လူတွေရဲ့ ပြည်သူကို ကိုယ်စားပြုပြီးပြောတဲ့ အသံတွေကို ပိုအလေးအနက်ထားရန်လိုကြောင်းအပါအဝင် အမှန်တကယ် ငြိမ်းချမ်း၊ တိုးတက်တဲ့ လူ့ဘောင်အဖွဲ့အစည်း တစ်ခုဖြစ်လာဖို့အတွက် နိုင်ငံရေးအခန်းကဏ္ဍကို ပိုမိုမြင့်တင်ပေးဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အဆိုပြု ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ၂၀၂၀ နှစ်လယ်ပိုင်းအထိ စစ်ရှောင်ဦးရေ (၂) သိန်းနှစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW