တနိုင်းစစ်ရှောင်စခန်းက စစ်ရှောင် ၁၂၀ ကျော်ကို ပြန်လည်နေရာချထားမှုပြုလုပ်

အောက်တိုဘာ ၂၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၆ စုမှာနေတဲ့ စစ်ရှောင် ၁၂၈ ဦးကို အောက်တိုဘာ ၂၂ ရက်က တနိုင်းမြို့၊ ကင်ဆားရာ ရပ်ကွက်မြို့ရှောင်လမ်း ပြန်လည်နေရာချထားရေးနေရာသစ်မှာ နေရာချပေးခဲ့တယ်လို့ ကချင်လူသားချင်းစာနာထောက်ထာမှုအဖွဲ့ (KHCC) ဒုတိယ အတွင်းရေးမှူး (၁) ဖာသာနော်လတ်က VOM ကိုပြောပါတယ်။

စစ်ရှောင်အိမ်ထောင်စုတွေ ပြန်လည်နေရာချထားမှုကို ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ မြစ်ကြီးနားမြို့ ဂရုဏာလူမှုစည်းရုံး ညီညွတ်ရေး ဒါရိုက်တာ ဖာသာ နော်လတ် ၊ KHCCဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ တာဝန်ရှိသူတွေ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးနဲ့ တာဝန်ရှိသူတွေ သွားရောက်ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။

“ သူတို့အားလုံး ၃၂ စု ရှိမယ်၊ သူတို့ရွာကို ပြန်ချင်သလား မပြန်ချင်ဘူးလား အစည်းအဝေးထိုင်တယ်လို့ ပြောပါတယ်။ အစည်းအဝေးထိုင်ပြီးတော့မှ ၂၆ မိသားစုက ရွာကိုမပြန်ဘူး၊ ပြန်လို့လည်း အခြေအနေမကောင်းတဲ့အတွက် မပြန်တော့ဘူးပေါ့၊ ဒီမှာအခြေချမယ် ဆိုပြီးမှ သူတို့ဆုံးဖြတ်တယ်။ မိသားစု ၆ စု ကတော့ ကမ့်မှာ (တနိုင်းမြို့ RC စစ်ရှောင်စခန်း) ကျန်ခဲ့တယ်။ သူတို့ကတော့ ရွာပြန်မယ်ပေါ့ အဲ့ဒီလို သူတို့ဟာသူတို့ ဆုံးဖြတ်ပြီးတော့မှ ကျွန်တော်တို့ရုံးကို ကမ့်တာဝန်ခံတွေက စာတင်ပါတယ်။ အဲ့ဒီစာကို အစိုးရဆီ တင်ပြပြီးတော့မြေနေရာလည်း သူတို့ရှာထားတဲ့ မြေနေရာမှာ ကျွန်တော်တို့က ပြန်တည်ဆောက်ပေးတဲ့ အပိုင်းပဲရှိပါတယ် “ (KHCC) ဒုတိယ အတွင်းရေးမှူး (၁) ဖာသာနော်လတ်က ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးဇော်ဝင်းနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ကချင်ပြည်နယ်) ဦးစီးမှူး ဒေါ်လှကေသီမာတို့ဆီကို ပြန်လည်နေရာချထားရေး အစီအစဉ် အသေးစိတ်သိရဖို့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခု ပြန်လည်အခြေချနေထိုင်သူတွေဟာ နမ်ခမ်နဲ့ အင်္ဂါဂါးကျေးရွာတွေက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ပြန်ရွေ့ပြောင်းနေထိုင်တဲ့ စစ်ရှောင်အိမ်ထောင်စု (၂၆) စု အတွက် ပြည်နယ်အစိုးရအဖွ့ဲက တစ်အိမ်ထောင် ဆန် (၁) အိတ်နှုန်းဖြင့် ဆန်အိတ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စားနပ်ရိက္ခာ(၁) လစာအတွက် ဆန်အိတ် ၄၀ ကျော် ဆီ ၅၂ ပိဿာ၊ ပဲ ၅၂ ပိဿာ၊ ဆား ၂၆ ပိဿာ ပြောင်းရွေ့စရိတ် တစ်အိမ်ထောင် ငွေ ၁သိန်း၊ အင်္ကျီ၊ လုံချည်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက စုစုပေါင်း ငွေကျပ် ၂၉ သိန်း ၉ သောင်းအသုံးပြုပြီး ပစ္စည်း(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးက အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – Kachin state government office
#voiceofmyanmar #VOM #တနိုင်း #စစ်ရှောင် #နေရာချထားမှု

Related posts

Leave a Comment

VOM News

FREE
VIEW