ခူမီးကောင်စီအနေနဲ့ ပလက်ဝမြို့နယ်ထဲက နယ်မြေ ၁၂ နေရာကို ရွေးကောက်ပွဲကျင်းပဖို့ ခွင့်ပြုပေးစေချင်

အောက်တိုဘာ ၂၈-၂၀၂၀
သိင်္ဂီထွန်း (VOM )

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်က ကျေးရွာအုပ်စု ၉၄ အုပ်စုကို ရွေးကောက်ပွဲကျင်ပနိုင်ခြင်းမရှိတဲ့နေရာတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

UECကထုတ်ပြန်လိုက်တဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၀ ကျော်ထဲက ကျေးရွာအုပ်စု ၁၂ ခုဟာ နယ်မြေအေးချမ်းသလို ၊ အခု ရွေးကောက်ပွဲကျင်းပမယ့် နေရာ ၈ ခုနဲ့လည်း သွားရေးလာရေးအဆင်ပြေတဲ့အတွက် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့စာရင်းကနေ ပယ်ဖျက်ပြီး ကျင်းပခွင့်ပြုပေးစေချင်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှီနှိုင်းရေးကောင်စီရဲ့ အလုပ်မှုဆောင်ကော်မတီမှ ညှိနှိုင်ရေးမှူး ဆလိုင်းပိုင်နန်းက ပြောပါတယ်။

ရွေးကောက်ပွဲ ထပ်တိုးကျင်းပပေးဖို့ တောင်းဆိုတဲ့ ကျေးရွာ ၁၂ ခုကတော့ ပလက်ဝမြို့မှာ မဲထည့်လို့ရတဲ့ အုပ်စု ၃ ခု၊ ဆမီးမြို့မှာ မဲထည့်လို့ရမယ့်အုပ်စု ၄ ခု၊ ရှင်းလက်ဝမှာ မဲထည့်လို့ရမယ့် အုပ်စုက ၅ ခုရှိတယ်လို့ သိရပါတယ်။

“အခုကရွေးကောက်ပွဲလုပ်မယ့်နေရာကို နေရာသုံးနေရာတော့ချထားပေးတယ်။ အခုတောင်းဆိုတဲ့ နေရာ ၁၂ နေရာက အဲ့ဒီရွေးကောက်ပွဲကျင်းပခွင့်ရှိတဲ့နေရာ ၈ ခုနဲ့ သွားရေးလာရေးအဆင်ပြေတယ်။တိုက်ပွဲတွေလည်း ရှိတဲ့နေရာမဟုတ်ဘူး လုံခြုံရေးလည်းကောင်းတယ်။ နေ့တိုင်းပြန်သွားတယ်၊ လာတယ်လုပ်နေတယ်။ ငြိမ်းလည်းငြိမ်းချမ်းတယ်။သွားရေးလာရေးလည်းကောင်းတယ်။ ဒါကြောင့်ဒီနေရာကိုတော့ ကျနော်တို့ကဖြစ်စေချင်တယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှုံးသွားတဲ့သူတွေအတွက်တော့ အခွင့်အရေးချိုးဖောက်မှုကြီးတစ်ခုလိုခံစားရတယ်”လို့ ဆလိုင်းပိုင်နန်းကပြောပါတယ်။

လက်ရှိ UEC ရဲ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေက ပလက်ဝမြို့ပေါ်က ရပ်ကွက် ၄ ခု၊ ဆမီးမြို့ပေါ်က ရပ်ကွက် ၃ ခု၊ ရှင်းလက်ဝကျေးရွာအုပ်စု အားလုံးပေါင်း ၈ နေရာမှာသာ ပြုလုပ်မှာဖြစ်ပါတယ်။

အဲ့ဒီနေရာတွေကသာ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသလို ၊ နယ်မြေအေးချမ်းမှုလည်းရှိကြောင်းနဲ့ ကျန်တဲ့ နေရာ ၉၀ ကျော်ကတော့ နယ်မြေအေးချမ်းမှုမရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်သုံးသပ်ပြီး ခုလို လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးနော်အုပ်လ်ကပြောပါတယ်။

“ကျနော်တို့က နယ်မြေအခြေအနေကိုပဲ တင်ပြတာ။ ကျန်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတာနဲ့ပတ်သက်ပြီးကတော့ UECရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒါကြောင့် ပြည်ထောင်စုက ကျင်းပနိုင်ခြင်းမရှိတဲ့နေရာတွေကို ပြန်သုံးသပ်ပြီးတော့ ထုတ်ပြန်တဲ့သဘောပေါ့။ ပလက်ဝမြို့နယ်မှာတော့ ထပ်ကျင်းပနိုင်မယ့်နေရာမရှိလောက်တော့ဘူး၊ သူတို့တင်ပြတာကတော့ သူတို့ရဲ့အာဘော်ပေ့ါ။သူတို့ရဲ့ လိုချင်တဲ့နေရာတွေကို တင်ပြကြတာပေါ့”လို့ ဥက္ကဋ္ဌ ဦးနောအုပ်လ် ကပြောပါတယ်။

ပလက်ဝမြို့နယ်တစ်ခုလုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်းက ၆သောင်းကျော်ရှိပြီး အခု ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာ ၈ ခုမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁သောင်း ၇ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် နေရာ ၈ ခုမှာတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ ၄ ခုရှိနေပြီး ပြည်သူ့လွှတ်တော်အတွက် တစ်ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၂ ဦး ၊စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅ ဦးရှိတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကျေးရွာအုပ်စု ၁၂ ခုမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ခူမီး ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနိူင်းရေးကောင်စီက သဘောထားထုတ်ပြန်တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW