ဗကသကျောင်းသား ၉ ဦးကို ထောင်ဒဏ် ၁ နှစ်နဲ့ ၁လ ချမှတ်

အောက်တိုဘာ ၂၈-၂၀၂၀
ညီသစ်(VOM)
မန္တလေးမြို့ စျေးချိုနာရီစင်ရှေ့မှာ ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၉ ဦးကို ပုဒ်မ – ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁နှစ်နဲ့ ၁လစီ ချမှတ်ခဲ့ပါတယ်။
” ဒီနေ့ ကျောင်းသားတွေအပေါ် စွဲဆိုထားတဲ့ အမှုမှာ အမှု၂ မှု၊ ၇၈၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ၅၀၅(ခ) နဲ့စွဲဆိုထားတဲ့အမှုမှာ အောင်ခိုင်မင်း ၊ ကိုလှထွန်းအောင် ၊ ကိုသက်မောင်မောင်၊ ကိုညီညီမင်းထက်ဝေ ၊ ကိုရဲရင့်အောင် ၊ ကိုသုတညီညီ ၊ ကိုကျော်သီဟရဲကျော် ၊ ကိုစိုးလှနိုင် နဲ့ ကိုမျိုးချစ်ဇော် တို့ (၉) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ နောက် အမှုနံပါတ် ၈၀၆/၂၀၂၀ အမှုမှာတော့ တရားခံ (၈) ဦးပေါ့ ကိုအောင်ခိုင်မင်း၊ ကိုသက်မောင်မောင် ၊ ကိုညီညီမင်းထက်ဝေ ၊ ကိုရဲရင့်အောင်၊ ကိုသုတညီညီ ၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ အပေါ်ကို ငြိမ်းစုစီပုဒ်မ (၁၉) အရ အလုပ်နဲ့ထောင်ဒဏ် ၁ လစီ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်မျိုး၀င်းကပြောပါတယ်။
ဒီနေ့ အမိန့်ချမှတ်လိုက်တဲ့ အမှုတွေဟာ စက်တင်ဘာ ၁၀ရက်နေ့က စျေးချိုနာရီစင်ရှေ့မှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တဲ့အကြောင်းအရာပေါ် မူတည်ပြီး ငြိမ်းစုစီပုဒ်မ (၁၉) အရ ကြိုတင်အကြောင်းကြားစာ ၄၈ နာရီအတွင်းပေးပို့ခဲ့ခြင်းမရှိတာနဲ့ တပ်မတော်ကြီးလည်းချီလာပြီ ၊ ပြည်သူတွေလည်းသေကုန်ပါပြီ စတဲ့ကြွေးကျော်သံတွေနဲ့ ဆန္ဒပြခဲ့တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) အရ စွဲဆိုခဲ့တဲ့ အမှုတွေနဲ့ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ဦးကျော်မျိိုးဝင်းက ပြောပါတယ်။
ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုစိုးလှနိုင်နှင့် ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်တို့ဟာ စုစုပေါင်း ထောင်ဒဏ်(၇)နှစ်နှင့် (၂)လ ချမှတ်ခံထားရပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုရဲရင့်အောင်မှာ ထောင်ဒဏ် (၂)နှစ်နှင့် (၂)လ ချမှတ်ခံထားရပြီး ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်ကနေ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW