ရပ်ကျေး‌ကော်မရှင်ရုံး ကြိုတင်မဲပုံးသိမ်းတဲ့နေရာမှာ လ-ဝ-ကဝန်ကြီးညွှန်ကြားမှုနဲ့ CCTV တွေ တပ်ဆင်ထားမှုဖြစ်ပွားခဲ့

အောက်တိုဘာ ၃၁-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်နဲ့ မုတ္တမကျေးရွာအုပ်ချုပ်ရေးမှူး ကြိုတင်မဲပုံသိမ်းတဲ့နေရာတွေမှာ ပြည်နယ်အစိုးရအဖွဲ့ လ.ဝ.ကဝန်ကြီးတစ်ဦးရဲ့ လမ်းညွှန်ချက်နဲ့ CCTV ( စောင့်ကြည့်ကင်မရာ)တွေ တပ်ဆင်ထားတဲ့ဖြစ်စဉ် မနေ့ အောက်တိုဘာ ၃၀ရက်နေ့ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ CCTV တွေကို ပြန်ဖြုတ်သိမ်းလိုက်တယ်လို့ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

” မဲပေးတဲ့နေရာမဟုတ်ဘဲ ပုံးသိမ်းဖို့လုပ်ထားတဲ့နေရာမှာ တပ်ထားတာပါ။ ရပ်ကွက်အခင်းဖြစ်ညနေပိုင်းမှာပဲ ကော်မရှင်ညွန်ကြားချက်နဲ့ ပြန်ဖြုတ်သိမ်းပြီးပါပြီ”လို့ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်ကပြောပါတယ်။

အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ကြိုတင်မဲပုံးသိမ်းတဲ့နေရာ၂ခုကို အောက်တိုဘာ ၃၀ ရက် မနက်၁၁နာရီကျော်လောက်က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့လူ့
စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးထွန်းမင်းအောင်ရဲ့ညွှန်ကြားမှုနဲ့ CCTV စောင့်ကြည့်ကင်မရာတွေကို လာရောက်တပ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မဲရုံမှာ မဲပေးသူ‌တွေ လုံခြုံမှုနဲ့အခွင့်အရေးအရ ဓာတ်ပုံရိုက်ခွင့်၊ အသံဖမ်းခွင့်တောင် မပေးထားဘူး။ အခုဟာက ရုပ်သံရိုက်ကူးနေတာဖြစ်လို့ဥပဒေအရပြန်ဖြုတ်သိမ်းခိုင်းလိုက်တာ”လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦးက‌ရှင်းပြပါတယ်။

ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာမှာ CCTV တပ်ဆင်ရခြင်းဟာ ရုံးရဲ့နောက်ဖေးတံခါး လုံခြုံမှုမရှိသလို နေရာကျဉ်းတာကြောင့် မဲရုံကိုယ်စားလှယ်စောင့်အိပ်ဖို့ အဆင်မပြေတဲ့အပြင် အားလုံးသံသယရှင်ဖို့ တပ်ဆင်ရခြင်းဖြစ်တယ်လို့ မွန်ပြည်နယ်ပြည်နယ် လူ ဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသာထားတာဖြစ်ပါတယ်။

ဦးထွန်းမင်းအောင်ဟာ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ် ဝန်ကြီးတစ်ဦး ဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး ပေါင်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – ရာမညတိုင်းမ်
#voiceofmyanmar #VOM #ပေါင်မြို့ #ကြိုတင်မဲသိမ်းတဲ့နေရာ #စောင့်ကြည့်ကင်မရာ #ပြန်ဖြုတ်ခဲ့ရ

Related posts

Leave a Comment

VOM News

FREE
VIEW