လက်နက်ကိုင်အဖွဲ့ကလို့အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေကို ဖမ်းဆီးရမိ

အောက်တိုဘာ ၃၁-၂၀၂၀
သူရိန်(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အဖွဲ့ကလို့ပြောဆိုပြီး အရပ်သားတစ်ဦးကို လက်နက်နဲ့ခြိမ်းခြောက် လက်ထိပ်ခတ်ကာ ကျပ်သိန်း ၇၀ တောင်းယူခဲ့သူ ကျော်ကျော်(မြေသြဇာ)ဆိုသူကို မနေ့အောက်တိုဘာ ၃၀ ရက် ညပိုင်းက ဒိုက်ဦးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် ပြန်ပေးဆွဲမှုပြုလုပ်ခဲ့တဲ့ မြဝတီမြို့နယ် အမှတ်-၅ ရပ်ကွက် တရုတ်ဘုံကျောင်းရှေ့မှာရှိတဲ့ ခြံဝန်းတစ်ခုထဲကနေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ BGF တံဆိပ်ပါ ယူနီဖောင်းနဲ့အီကွေ့မန့်၊ လက်ထိပ်အပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်-၂ ရပ်ကွက်၊ ရွှေဒင်္ဂါးလမ်းမှာနေတဲ့ အရောင်းအဝယ်လုပ်ကိုင်သူ ဦးမင်းမင်းနိုင်ဆိုသူဟာ အောက်တိုဘာ ၂၆ ရက် မနက် ၂ နာရီအချိန်ခန့်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးမှာ ယာဉ်အမှတ်/ ကားအမျိုးအစား(မမှတ်မိ) အဖြူရောင်ယာဉ်ကိုရပ်တန့်ပြီးအိပ်နေစဉ် အမှတ်-၄ ရပ်ကွက်၊ တောရကျောင်းလမ်းမှာနေတဲ့ ဦးကျော်ကျော်(မြေဩဇာ)ဆိုသူအပါအဝင် လူ ၆ ဦးရောက်ရှိလာခဲ့ပြီး အမှတ် (၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ နေအိမ်(၁)အိမ်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ကာယကံရှင် ဦးမင်းမင်းနိုင်ရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဦးမင်းမင်းနိုင်မှာပါလာတဲ့ဖုန်းကို Lock ဖွင့်ခိုင်းပြီး ဘဏ်အကောင့်တောင်းရာ ဦးမင်းမင်းနိုင်က မပေးတဲ့အတွက် လက်ထိပ်ခတ်၊ ထိပ်တုံးခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဦးကျော်ကျော်(မြေဩဇာ)က ဦးမင်းမင်းနိုင်ကို ငွေကျပ် သိန်း ၁၀၀ ပေးဖို့တောင်းဆိုခဲ့ပြီး သူကနေပြည်တော်ကတာဝန်နဲ့ မြဝတီမြို့ကို လာရောက်တာဖြစ်ကြောင်း၊ ဗိုလ်မုတ်သုန် (အမှတ်-၁ဝ၂၂ နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးမုတ်သုန်) အဖွဲ့က ဖြစ်တယ်လို့ လက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက် ဦးမင်းမင်းနိုင်ကသူ့ရဲ့ AYA (ဧရာဝတီ) ဘဏ်အကောင့်ထဲကို ငွေကျပ် သိန်း(၇၀)လွှဲပြောင်းပေးအပ်ခဲ့ရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

လက်ရှိမှာ ကျော်ကျော်(မြေသြဇာ)ကို မြဝတီရဲစခန်းမှာ (ပ)၅၃၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၄၇/၅၀၆ ဖြင့်အမှုဖွင့်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြဝတီ #လက်နက်ကိုင်အမည်ခံ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW