ရွေးကောက်ပွဲနေ့မှာ အလုပ်သမားတွေကို အချိန်ပိုမခေါ်ဖို့ စက်ရုံ၊ အလုပ်ရုံတွေကို CTUM က အသိပေးထုတ်ပြန်

နိုဝင်ဘာ ၂-၂၀၂၀
သိင်္ဂီထွန်း(VOM)

ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ အလုပ်သမားတွေကို အချိန်ပို(OT)မခေါ်ဖို့အတွက် CTUM မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကာလတွေမှာ စက်ရုံ၊ အလုပ်ရုံတချို့ဟာ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းခဲ့တာကြောင့် အလုပ်သမားတွေ မဲပေးခြင်းမရှိလိုက်ရတဲ့ ဖြစ်ရပ်တွေရှိခဲ့တဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနေ့မှာ အလားတူ ကိစ္စရပ်တွေ ထပ်မဖြစ်စေဖို့ ၊ အလုပ်သမားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် ကြိုတင်ပြီး သဘောထားထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဗဟိုကော်မတီဝင် ဦးအောင်ကျော်ထွန်းနိုင်ဦးကပြောပါတယ်။

“ကျနော်တို့က အလုပ်သမားတွေကို မေးတဲ့အခါ သူတို့ကို OT ခေါ်တယ်၊ အလုပ်ဆင်းရတဲ့အတွက် မဲမပေးရဘူ။ တချို့ကျလည်း မဲပေးရကောင်းမှန်းမသိလိုက်ကြဘူး။ဒါကြောင့် အလုပ်သမားတွေကို အချိန်ပို မခေါ်ဖို့ပေါ့။ ခေါ်မယ်ဆိုရင် သူ့တို့ဟာ စက်ရုံထဲကနေ မဲသွားပေးမယ်၊ မဲသွားပေးချိန်ကို on duty ပေးဖို့ပေါ့။ အရင် အတွေ့အကြုံတွေအရ ဒီနှစ်မှာ မဖြစ်ရအောင် မဲပေးခွင့်မဆုံးရှုံးရအောင် အသိပေးထုတ်ပြန်လိုက်တာပါ။ အလုပ်သမားတွေကလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက ်ဦးစားပေးရတဲ့အနေအထားပေါ့”လို့ ဦးအောင်ကျော်ထွန်းနိုင်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံ၊ အလုပ်ရုံ ၊ အလုပ်ဌာနက စီမံခန့်ခွဲသူတွေဟာ နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အလုပ်သမားတွေကို အချိန်ပိုခေါ်ယူဖို့ ပြင်ဆင်ဆောင်ရွက်နေကြောင်းနဲ့ ခုလို ရွေးကောက်ပွဲနေ့မှာ အချိန်ပိုခေါ်ယူတာဟာ အလုပ်သမားတွရဲ့ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး၊ နိုင်ငံသားတစ်ဦးရဲ့ ဆန္ဒမဲပေးခွင့် အခွင့်အရေးကို ပျက်ပြားစေဖို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မသူဇာထက်ပြောပြတာက “ လောလောဆယ်တော့ မသိရသေးဘူး။ အလုပ်များတဲ့အချိန်တွေဆိုရင်တော့ တနင်္ဂနွေဆိုရင် အချိန်ပိုဆင်းဖို့ ခေါ်တာရှိတယ်။ ခုတစ်ပတ် တနင်္ဂနွေကတော့ ရွေးကောက်ပွဲနေ့လည်းဖြစ်တော့ သေချာတော့မသိဘူး။ ညမတို့ကတော့ အဲ့ဒီနေ့ကို အလုပ်ဆင်းခိုင်းရင်လည်း မဆင်းပါဘူး။ မဖြစ်မနေဆင်းရမယ်ဆို မဲပေးပြီးမှပဲ အလုပ်သွားမှာပါ”လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်တွေအရ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မကျင့်သုံးနိုင်စေရန်လည်းကောင်း၊ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်လည်းကောင်း ဆောင်ရွက်သူသည် တည်ဆဲဥပဒေများအရ အရေးယူခံရမှာဖြစ်တယ်လို့ CTUM ရဲ့သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလုပ်သမားတွေအနေနဲ့လည်း မိမိ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို နိုင်ငံတော်ဥပ‌ဒေအရ အကာအကွယ်ပေးထားမှုကို သိရှိထားဖို့လိုအပ်ကြောင်းနဲ့ ရပ်ကွက် ၊ ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး ၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အလုပ်သမားများအားလုံး ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိစေဖို့၊ အလုပ်သမားတွေရဲ့ နိုင်ငံသားတစ်ဦး ဆန္ဒမဲပေးပိုင်ခွင့်ကို ဟန့်တား နှောင့်ယှက်သူ မည်သည့် စီမံခန့်ခွဲသူ အလုပ်ရှင်ကိုမဆို နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ သဘောထားထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲ #အချိန်ပို #အလုပ်သမား

Related posts

Leave a Comment

VOM News

FREE
VIEW