တအာင်း-ပလောင်ပါတီဥက္ကဋ္ဌဟောင်းနဲ့ ပါတီဝင် ၁ဦးကို TNPပါတီကနေ ထုတ်ပယ်

နိုဝင်ဘာ ၂-၂၀၂၀
အေးချမ်းသူ(VOM)

တအာင်း-ပလောင်အမျိုးသားပါတီ(TNP)ရဲ့ စည်းကမ်းတွေကိုမလိုက်နာဘဲ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီဥက္ကဋ္ဌဟောင်းနဲ့ ပါတီဝင် ၁ ဦးကို ပါတီကနေ ထုတ်ပယ်ခဲ့တယ်လို့ လက်ရှိ TNPပါတီဥက္ကဋ္ဌ ဦးအိုက်မုန်းကVOMကိုပြောပါတယ်။

“ထုတ်ပယ်တာကတော့ ဟုတ်ပါတယ်။ ပါတီက စည်းမျဉ်းစည်းကမ်းတွေမလိုက်နာဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လို့ထုတ်လိုက်တာပါ”လို့ ဦးအိုက်မုန်းက ပြောပါတယ်။

တအာင်း-ပလောင်အမျိုးသားပါတီအနေနဲ့ အောက်တိုဘာ ၃၁ရက်နေ့မှာ ဦးဝင်းကျော်(ခ)ဦးအိုက်မိန်းနဲ့ ဦးအယိုင်စဉ်(ခ)အယိုင်စဉ်ကို ကြေညာချက်အမှတ်(၁/၂၀၂၀)ဖြ
င့် ပါတီကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်လို့ TNP ပါတီအထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က VOMကိုပြောပါတယ်။

တအာင်း-ပလောင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ပါတီရဲ့ စည်းမျဉ်း၊ ပါတီဝင်တို့ရဲ့ ကျင့်ဝတ်၊ ပါတီဝင်တို့ လိုက်နာရမယ့် စည်းကမ်းများ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါတီအပေါ် ထားရှိလိုက်နာရမယ့် ကတိကဝတ်များ၊ အထွေထွေရွေးကောက်ပွဲအတွက် ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း စတဲ့ ပါတီရဲ့ ပါတီဝင်တစ်ဦးချင်း လိုက်နာရမယ့် ကျင့်ဝတ်၊ စည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ တစ်သီးပုဂ္ဂလအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် ထုတ်ပယ်ခြင်း ဖြစ်တယ်လို့ ပါရှိပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး TNPပါတီဥက္ကဋ္ဌဟောင်း ဦးအိုက်မိန်းကို VOMက ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထုတ်ပယ်ခံရသူနှစ်ဦထဲက ဦးဝင်းကျော်(ခ)ဦးအိုက်မိန်းဟာ နန့်ဆန်မြို့နယ်ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်လောင်း၊ ဦးအယိုင်စဉ်က မန်တုံမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ TNPပါတီအထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က VOMကိုပြောပါတယ်။

တအာင်း-ပလောင် အမျိုးသားပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ခမ်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေက မဲဆန္ဒနယ်တွေအပါအဝင် အမျိုးသားလွှတ်တော်အတွက် ၆ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၀ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂၀ နေရာတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဦးမိုင်းအုဏ်းခိုင်က ရှင်းပြပါတယ်။

တအာင်း-ပလောင်အမျိုးသားပါတီဟာ ၂၀၁၅ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ၃နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၇ နေရာမှာ အနိူင်ရရှိခဲ့တာဖြစ်ပါတယ်။

Photo – TNP
#voiceofmyanmar #VOM #TNPပါတီ #ပါတီဥက္ကဋ္ဌဟောင်းနဲ့ပါတီဝင်၁ဦး #ပါတီကနေထုတ်ပယ်

Related posts

Leave a Comment

VOM News

FREE
VIEW