အောင်လံမြို့နယ်ထဲက ကြိုတင်မဲပုံးတစ်ပုံး မိုးရေဝင်တဲ့ဖြစ်စဉ် ဖြစ်ပွား

နိုဝင်ဘာ ၅-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်က ကြိုတင်မဲရုံအမှတ်-၃က မဲပုံးထဲကို မိုးရေဝင်သွားတဲ့ဖြစ်စဉ် မနေ့ နိုဝင်ဘာ ၄ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ ဒီဖြစ်စဉ်ကို ညနေ၆နာရီကျော်လောက်က စသိရတာပါ၊ မဲပုံးတွေစောင့်ကြည့်တဲ့ ကျွန်မတို့ပါတီက ကလေးတွေကို လှမ်းခေါ်လို့သွားတယ်၊ ကလေးတွေ မေးကြည့်တော့ ရွာထောင်ရပ်ကွက်ကနေ ညနေ ၄နာရီကျော်လောက်မှာ မဲပုံး(၅)ပုံးကို မီးသတ်ကားလေးပေါ်တင်ပြီး မြို့မရဲစခန်းက ဘဏ်ငွေတိုက်မှာ သိမ်းဖို့စောင့်နေတုန်း မိုးရွာလာတယ်၊ မိုးရွာလာတော့ မဲပုံးတွေရေမစိုအောင် မိုးကာအုပ်တယ်၊ အဲ့ဒီမဲပုံးတွေထဲက အမှတ်(၃)မဲပုံးအပေါ် မိုးကာပေါ်ကနေတဆင့် မိုးရေဝင်တယ်လို့ ယူဆရပါတယ်၊ အံခွက်လိုဖြစ်နေတဲ့တိပ်ကပ်ပိတ်တဲ့ အဲ့ဒီနေရာကနေ မိုးရေဝင်ပြီး ရေစိုတာဖြစ်နိုင်တယ်”လို့ အောင်လံမြို့နယ်ရွေးကောက်ပွဲစေ့စပ်ညှိ့နှိုင်းရေးကော်မတီ စေ့စပ်ညှိ့နှိုင်းရေးမှူး၊ မြို့နယ်NLDပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဥမ္မာဌေးကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်လံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်စိုးကို နိုဝင်ဘာ၄ရက်ညပိုင်းက ဆက်သွယ်ရာမှာတော့ “ဆောင်ရွက်ဆဲဖြစ်လို့ မပြီးသေးပါဘူးခင်ဗျ၊ အဆင့်ဆင့်တင်ပြနေဆဲဖြစ်လို့ မဖြေကြားနိုင်သေးပါ”လို့ပြန်လည်ဖြေကြားခဲ့ပြီး ဒီကနေ့နိုဝင်ဘာ၅ရက်နေ့မှာတော့ ဖုန်းကိုင်ဖြေဆိုမှုမရှိခဲ့ပါဘူး။

“ညပိုင်းရောက်တော့ ဒီဖြစ်စဉ်ကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စေ့စပ်ညှိ့နှိုင်းရေးအတွက်ခေါ်လို့ ကျွန်မသွားခဲ့တယ်၊ အခုရေစိုသွားတဲ့မဲပုံးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် ညှိနှိုင်းဆွေးနွေးကြတယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ကလည်း ကော်မရှင်ဥပဒေ၊ နည်းဥပဒေနဲ့အညီ အခုမဲပေးထားတဲ့ (၁၅၂)ဦးကို နိုဝင်ဘာ ၅ရက်နေ့ မဲပြန်ပေးဖို့ ဆုံးဖြတ်ပါတယ်”လို့ ဒေါ်ဥမ္မာဌေးကပြောပါတယ်။

သရက်ခရိုင်အတွင်းမှာ ကြိုတင်မဲတွေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် မဲပေးနေရတဲ့မြို့နယ်တွေအဖြစ် အခုအောင်လံမြို့နယ် အပါအဝင် မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်တို့မှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အောင်လံ #မဲပုံး #မိုးရေစို

Related posts

Leave a Comment

VOM News

FREE
VIEW