မင်းတုန်းမြို့မှာ UECတံဆိပ်တုံးမှားယွင်းပေးခဲ့တဲ့အတွက် မဲအသစ်ပြန်ပေးရမယ့်ဖြစ်စဉ် ဖြစ်ပွားခဲ့

နိုဝင်ဘာ ၅-၂၀၂၀
ဂျန်ကိုးလ်-VOM

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအုပ်စု ကြိုတင်မဲကောက်ယူရာမှာ UECတံဆိပ်တုံးမှားယွင်းမှုကြောင့် မဲအသစ်ပြန်ပေးရမယ်လို့ ကြိုတင်မဲပေးသူတွေဆီကနေ သိရပါတယ်။

အသက်၆၀နှစ်နဲ့အထက် ကြိုတင်မဲစတင်ကောက်ယူတဲ့ အောက်တိုဘာ၂၉ရက်နေ့မှာ နယ်မြေခံရဲကင်းနဲ့ မသန်စွမ်းသူတွေကို အိမ်တိုင်ရာရောက်ကောက်ယူရာမှာ UECတံဆိပ်တုံးဟာ ရုံးအတွင်းမှာကျန်ခဲ့လို့ NLDပါတီရဲ့ကိုယ်စားလှယ်က အရင်သရုပ်ပြပြုလုပ်ခဲ့တဲ့တံဆိပ်တုံးကိုယူပြီး ပေးခဲ့မိတာဖြစ်တယ်လို့ သိရပါတယ်။

”ကြိုတင်မဲကောက်တဲ့နေရာကို UEC တံဆိပ်တုံး မပါဘူး၊ ကိုကြည်ဝင်းက သူ့မှာပါတာရလားဆိုတော့ ရတယ်ဆိုပြီး ထုကြတာ၊ ဒီကနေ့ အစည်းအဝေးတော့ ဖြစ်လိုက်ရင်အကုန်မလွယ်ဘူး၊ ရည်ရွယ်ချက်ရှိတာလည်း မဟုတ်တော့ တိုတိုပြောရရင် အကုန်လုံးပြန်ပေးမယ်ပေါ့၊ အဲလိုဆုံးဖြတ်လိုက်တယ် ၊ မြို့နယ်ကော်မရှင်ခွဲ ဥက္ကဋ္ဌကလည်း အသစ်ပေးတာကောင်းတယ်ပေါ့ အဲဒါပါပဲ”လို့ NLDမြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ လက်ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်ဝင်းကပြောပါတယ်။

တံဆိပ်တုံးမှားယွင်းပေးမိတဲ့ လူဦးရေဟာ စာရင်းအရ ၁၂ယောက်သာရှိပေမယ့် နောက်နေ့တွေမှာ တံဆိပ်တုံးအမှန်နဲ့ပေးသူတွေရဲ့မဲတွေရောသွားလို့ ခုလိုပြန်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ်ကော်မရှင်ခွဲဥက္ကဋ္ဌ ဦးစိုးကြည်ကတော့“တံဆိပ်တုံးမှားယွင်းတဲ့ကိစ္စဖြစ်တယ်။ မှားယွင်းထုမိပြီး မဲပေးထားတဲ့ပုံးကို ပြန်ပြီးတော့သိမ်းလိုက်တယ်။ဖြစ်စဉ်ပြီးတော့ပေါ့။ ဒီနေ့ကစပြီး သူတို့ကို မဲလက်မှတ်အသစ်ထုတ်ပြီးတော့ ပေးဖို့လုပ်နေတယ်။ တံဆိပ်တုံးက UEC မဟုတ်တဲ့အတွက်ပေါ့။ ဖြစ်တာက ၂၉ ရက်နေ့က ဖြစ်တယ်။ သိတာကတော့ မနေ့က နိုဝင်ဘာ ၄ ရက်နေ့မှသိတော့ ဒီနေ့တန်းခေါ်ပြီး စေ့စပ်ညှိနှိုင်းရေးကော်မတီနဲ့ စေ့စပ်ပေးလိုက်တဲ့သဘောပေ့ါ။ မဲနောက်တစ်ကြိမ်ထပ်ပေးတာကို ဒီနေ့ပြန်လုပ်နေတာဖြစ်တယ်၊ အရေးယူဖို့အပိုင်းကတော့ ပယောဂမဟုတ်ဘူး စေတနာအမှားဖြစ်သွားတယ် သဘောရိုးဖြစ်သွားတဲ့အခါကျတော့ စေ့စပ်ညှိနှိုင်းကော်မတီက ပါတီအသီးသီးက ကိုယ်စားလှယ်တွေနဲ့ညှိလိုက်တဲ့အခါကျ သူတို့ကလည်း မဲပြန်ပေးလိုက်ရင် မျှတမှုရှိပါတယ်ဆိုပြီးပြောလို့ ဒီနေ့မဲပြန်ပေးနေတာပါ”လို့ပြောပါတယ်။

တံဆိပ်တုံးမှားယွင်းမှုကြောင့် ပယ်ပဲအဖြစ်သတ်မှတ်ခဲ့ရတဲ့ လူဦးရေဟာ၂၆၀ကျော်ဖြစ်ပြီး ဒီကနေ့နိုဝင်ဘာ ၅ရက် နေ့လယ်မှာ ပြန်လည်မဲပေးနေရတာဖြစ်ပါတယ်။

”ဘာရည်ရွယ်ချက်မှမဟုတ်ဘူး၊ သူတို့က တသက်လုံး ရပ်ရေး/ရွာရေး လုပ်နေတဲ့သူတွေ၊ ဥပဒေကိုသေချာမဖတ်တော့ မသိကြတာ၊ ပေါ့တဲ့ သဘောတော့ရှိတာပေါ့၊ အခြားနယ်မှာဖြစ်သလို ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်တာကို အကုန်လုံးနားလည်လက်ခံကြတယ်”လို့ မဲဇလီကျေးရွာရှိ အငြိမ်းစားကျောင်းအုပ်ဆရာ ဦးမောင်မောင် ကပြောပြပါတယ်။

သရက်ခရိုင်အတွင်းက မင်းလှမြို့နယ်၊ ရေနံမကျေးရွာမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်မဲစာရွက်နဲ့ပြည်သူ့လွှတ်တော်မဲစာရွက်တို့ မှားပေးခဲ့တာကြောင့် ပယ်မဲလုပ်ခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းတုန်း #မဲတံဆိပ်တုံး #မှားယွင်းပေးမှု

Related posts

Leave a Comment

VOM News

FREE
VIEW