UEC အမှတ်အသားမပါတဲ့ ဆန္ဒပြုတံဆိပ်တုံး အသုံပြုခဲ့တဲ့ ရွေး/ ကော်ဥက္ကဋ္ဌ နဲ့အဖွဲ့ကို NLDပါတီက အမှုဖွင့်

နိုဝင်ဘာ ၅-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ ဆင်မြေကျေးရွာမှာ အသက် ၆၀ နဲ့အထက် ကြိုတင်မဲကောက်ခံချိန် ဆန္ဒပြုတံဆိပ်တုံးဟာ UEC အမှတ်အသား မပါတဲ့ တံဆိပ်သုံးကို အသုံပြုခဲ့တာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ချောင်းဦးမြို့နယ် NLD ပါတီက အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမျိုးဝင်းက ငါးလုံးတင် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ကို မနေ့ နိုဝင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက ရဲစခန်းမှာအမှုဖွင့် တိုင်တန်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုင်တန်းချက်နဲ့ ပတ်သက်လို့ ချောင်းဦးမြို့မရဲစခန်းက အမည်မဖော်လိုတဲ့ ရဲဝန်ထမ်း တစ်ယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” အမှုဖွင့်တာ ဟုတ်တယ်၊ (ပ) ၃၂၇/၂၀၂၀၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၉(ခ) အရ ရပ်ကျေး ရွေးကော်အဖွဲ့ကို အမှုဖွင့်တာ”လို့ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ငါးလုံးတင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်းစိန်တို့ အဖွဲ့ဟာ NLDပါတီ မဲရုံကိုယ်စားလှယ် နဲ့ USDP မဲရုံကိုယ်စားလှယ်တွေနဲ့အတူ ဆင်မြေကျေးရွာကို ကြိုတင်မဲကောက်ခံခဲ့ရာ မဲစာရင်းအမှတ်(၃၃) ရဲ့ဆန္ဒမဲလက်မှတ်ပေါ်က တံဆိပ်တုံး အမှတ်အသားကို မသင်္ကာတဲ့အတွက် NLDပါတီ မဲရုံကိုယ်စားလှယ် ဦးအောင်သူဝင်းက စစ်ဆေးတဲ့အခါ ဆန္ဒပြုတံဆိပ်တုံးမှာ UEC အမှတ်အသား မပါတာကို တွေ့ရှိခဲ့ရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW