မြို့နယ်ကျော်ပြီး ကြိုတင်မဲ ၂ ခါပေးသူကို ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၆-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ထဲမှာ ကြိုတင်မဲ ၂ ခါပေးထားတာကို စီစစ်တွေ့ခဲ့ရတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။

“နယ်ကျော်လွန်ပြီး ကြိုတင်မဲ ၂ ခါပေးတဲ့ ဒေါ်မြင့်မာကို ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်ပိုက တရားလိုလုပ်ပြီး နိုဝင်ဘာ ၅ ရက်နေ့က အမှုဖွင့်တာဖြစ်တယ်၊ ရဲစခန်း(ပ)၂၂၅/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(စ)အရအမှုဖွင့်ထားတာဖြစ်တယ်”လို့ မင်းကင်းမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်ကပြောပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ အမှုဖွင့်ခံထားရသူ အသက် (၄၇) နှစ်အရွယ် အမျိုးသမီးဟာ နိုဝင်ဘာ ၃ ရက်နေ့က ကနီမြို့၊အမှတ် (၃) ရပ်ကွက်က ကြိုတင်မဲရုံးမှာ ဆန္ဒမဲစာရင်း အမှတ်စဉ် (၅၈၉) နဲ့ ကြိုတင်မဲ ပေးထားခဲ့ပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ မင်းကင်းမြို့နယ်၊ ကျောက်အိုးကျေးရွာအုပ်စု၊ ကြိုတင်မဲရုံ အမှတ် (၁)မှာ မဲဆန္ဒရှင်အမှတ်(၃၁၈) အရ နောက်တကြိမ် ကြိုတင်မဲကို ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမည်၊ အဘအမည်၊ မှတ်ပုံတင်နံပါတ် စတဲ့ မဲဆန္ဒရှင်ရဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီးမှ အမှုဖွင့်တာဖြစ်တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ကြောင်းက မြို့နယ်တွေမှာ တကြိမ်ထက်ကျော်လွန်ပြီး ကြိုတင်မဲပေးတဲ့ ကိစ္စဟာ အခုဖြစ်စဉ်တစ်ခုတည်းဖြစ်ပွားခဲ့တာမဟုတ်ဘဲ ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်နဲ့ ဟဲလှော်ကျေးရွာဘက်က ကြိုတင်မဲရုံးတွေမှာ အလားတူပြဿနာတွေ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းကင်း #ကြိုတင်မဲ၂ခါပေးသူ #ပြခိုင်ဖြိုးပါတီကအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW