မဲဆန္ဒရှင်ကိုယ်စား မဲရုံကိုယ်စားလှယ်က ကြိုတင်မဲပေးခဲ့လို့ ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၇-၂၀၂ဝ
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မှတ်ထိကျေးရွာမှာ အသက် ၆၀ ကျော် ကြိုတင်မဲကောက်ခံချိန် မဲပေးမယ့်သူက အပြင်သွားနေတာကြောင့် မဲဆန္ဒရှင်ကိုယ်စားဆိုပြီး မဲရုံကိုယ်စားလှယ်က ကြိုတင်မဲပေးခဲ့တဲ့အတွက် မဲရုံကိုယ်စားလှယ် တစ်ယောက်အပါအဝင် လူ ၃ ယောက်ကို ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ယောက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

” အမှုဖွင့်ထားတော့ရှိတယ် ရဲစခန်း (ပ) ၃၂၀ / ၂၀၂၀ ရွေးကောက်ပွဲ ဥပဒေ ၅၉ (ဂ) နဲ့ဖြစ်တယ် ” လို့ဝက်လက်မြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်ပြောပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက မှတ်ထိကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဟာ ကျေးရွာထဲကိုကြိုတင်မဲကောက်ခံရာ ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင်တစ်ဦးရဲ့နေအိမ်ကို ရောက်ရှိချိန် အဲ့ဒီ နေအိမ်မှာ မဲဆန္ဒရှင်မရှိတဲ့အတွက် ကြိုတင်ဆန္ဒမဲကို မဲဆန္ဒရှင်ရဲ့ တူတော်စပ်သူ ဦးဝင်းပြိုင်ဆိုသူက ကြိုတင်ဆန္ဒမဲ ထည့်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် ကြိုတင်မဲဆန္ဒရှင်တစ်ဦးရဲ့ နေအိမ်ကို သွားရောက်တဲ့အခါမှာလည်း မဲဆန္ဒရှင်ဟာ နေအိမ်မှာမရှိဘဲ တောထဲကို အလုပ်သွားလုပ်နေတာကြောင့် ကြိုတင်မဲဆန္ဒရှင်ကိုယ်စား ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးရဲ့ စေခိုင်းချက်အရ မဲရုံကိုယ်စားလှယ်တစ်ဦးက မဲဆန္ဒရှင်ကိုယ်စားဆိုပြီး ကြိုတင်မဲပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဦးခင်မောင်ဆွေက မဲဆန္ဒရှင်မဟုတ်ဘဲ ကြိုတင်မဲတွေကို မသမာနည်းနဲ့ ရယူခဲ့တယ်လို့ဆိုကာ မဲရုံတာဝန်ရှိသူ အပါအဝင် လူ ၃ ယောက်ကို ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဝက်လက် #ကြိုတင်မဲ #ပြည်ခိုင်ဖြိုးအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW