မကွေးမြို့နယ်မှာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတစ်ဦး ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၁၁-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးမြို့နယ်၊ အိုင်ကြီးကုန်းကျေးရွာအုပ်စု၊ ယင်းမာတောကျေးရွာမှာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့တဲ့အတွက် အဲ့ဒီကျေးရွာကို အသွားအလာကန့်သတ်လိုက်တယ်လို့ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

”မဲရုံတာဝန်ကျဆရာမ မနေ့ကမနက်ဖျားတယ်၊ ညနေ RDT နဲ့စစ်လိုက်တော့ ပိုးတွေ့တယ်၊ မဲရုံမှာဆန္ဒမဲပေးသူက၉၀၀ကျော်ရှိတယ်၊ သက်ကြီးရွယ်အိုတော်တော်များများလည်း မဲပေးရာမှာပါတယ်၊ လော့ခ်ဒေါင်းချတာမဟုတ်ပါဘူး၊ လော့ခ်ဒေါင်းနဲ့ Stay at Homeကပြည်ထောင်စုကလုပ်တာ၊ ကျနော်တို့က အဲ့ဒီရွာကလူတွေ လူအုပ်ထဲသွားတာလာတာ ကန့်သတ်ထားတာပါ၊ မဖြစ်မနေ ကျန်းမာရေးအခြားကိစ္စရှိရင် ကျန်းမာရေးဌာနရဲ့ခွင့်ပြုချက်နဲ့သွားလို့ရမှာပါ၊ လုပ်နေကြ လယ်ယာကိုင်းကျွန်းထဲမှာတော့ သွားလာလုပ်
နေလို့ရပါတယ်”လို့ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က VOMကိုပြောပါတယ်။

အသွားအလာကန့်သတ်မှုကို ပုံမှန်အားဖြင့်၂၁ရက်သတ်မှတ်ပေမယ့်လည်း ကျန်းမာရေးဦးစီးဌာနရဲ့ အစီအမံအရ လိုအပ်သလိုလုပ်ရမှာ ဖြစ်တယ်လို့ ဦးသက်လွင်ကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မကွေးဒေသခံတဦးဖြစ်သူ ကိုသူရကတော့”ရွာကို မြို့ကနေ သွားမဲပေးတဲ့သူတွေရှိတယ်၊ အရင်ထက် သတိထားကြဖို့လိုတယ်၊ လွယ်လွယ်ပြောရင်တော့ ၉၀၀ကျော် စစ်လိုက်တာပေါ့၊ တကယ်တန်းကျတော့ ၉၀၀ ကျော်က မဲပေးတဲ့သူပဲ ရှိသေးတာ၊ မိသားစုရှိသေးတယ်၊ ကျန်းမာရေးက လုပ်တတ်ပါတယ်၊ အရမ်းစိုးရိမ်နေစရာမလိုဘူးလို့ ကျနော်တော့ထင်တယ်”လို့ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ကာလတွေမှာ မကွေးမြို့၊ သိင်္ဂါရပ်ကွက်မှာလည်း အသက်၇၀အရွယ် လေဖြတ်ထားတဲ့ အဖိုးအိုနဲ့ မိသားစုဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တဲ့အတွက် မဲရုံတာဝန်ရှိသူတချို့ သီးခြားနေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #မဲရုံတာဝန်ကျဆရာမ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW