ကက်ရှ်မီးယားနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန်ပစ်ခတ် လူ ၁၅ ဦးသေဆုံး

ဒေလီ၊ နိုဝင်ဘာ-၁၄-၂၀၂၀
မျိုးဆက်(VOM)

အငြင်းပွားဖွယ်ကက်ရှ်မီးယားဒေသနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွ့ဲဝင်တွေအကြား နိုဝင်ဘာ ၁၃ ရက်က အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နှစ်နိုင်ငံအကြား စစ်အင်အားအများအပြားချထား ပိုင်းခြားထားတဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး ဖြစ်စဉ်တွေထဲက တစ်ခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကက်ရှ်မီးယား မြောက်ပိုင်းဒေသမှာ ပါကစ္စတန်ဘက်က စိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးစားတာကို အိန္ဒိယတပ်ဖွဲ့ဝင်တွေက တားဆီးပြီးနောက် နယ်စပ်ထိန်းချုပ်ရေးမျဉ်း နေရာအချို့ကို မော်တာတွေ အခြားလက်နက်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန်ဘက်ကတော့ အိန္ဒိယစစ်တပ်ရဲ့ ကျူးကျော်ရန်စပြီး မဆင်မခြင်ပစ်ခတ်မှုတွေကို တုံ့ပြန်ရခြင်းဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။

ပစ်ခတ်မှုတွေကြောင့် အိန္ဒိယဘက်မှာ အရပ်သားခြောက်ဦး ၊ စစ်သားသုံးဦးနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်ဘက်မှာတော့ အရပ်သားလေးဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွာတယ်လို့ ပါကစ္စတန်စစ်ဘက်က ထုတ်ပြန်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာ ကက်ရှ်မီးယားဒေသကို အပြည့်အဝပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားကြပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသကို နှစ်နိုင်ငံ ပိုင်းခြားအုပ်ချုပ်နေပြီး ဒေသတွင်းမှာ သူပုန်တွေကိုပါကစ္စတန်က အားပေးထောက်ခံနေတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။

Ref : Reuters
Photo:AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW